အီရတ် အစိုးရတပ်ဖွဲ့ဝင် တစ်လ အတွင်း ၂၈၀ ကျော် သေဆုံး

  • 29 မတ် 2017
Image caption မိုဆိုးလ်မြို့သိမ်းပွဲ

အီရတ် နိုင်ငံမှာ အစ္စလာမ်မစ် နိုင်ငံအဖွဲ့ IS ရဲ့ ခြေကုပ်မြို့ မိုဆိုးလ် အနောက်ဘက်ခြမ်းကို သိမ်းပိုက် နိုင်ဖို့ အီရတ် အစိုးရ တပ်ဖွဲ့တွေ ပြီးခဲ့တဲ့ လ က စပြီး ကြိုးစား ခဲ့တာမှာ အခု အချိန်အထိ အီရတ် အစိုးရ တပ်ဖွဲ့ဝင် အယောက် ၂၈၀ ကျော် ကျဆုံး ခဲ့ရပြီ ဖြစ်တယ်လို့ အမေရိကန် စစ်တပ်က ပြောပါတယ်။

ဝါရှင်တန် မြို့တော်မှာ ပြုလုပ်တဲ့ လွှတ်တော် ကြားနားပွဲ တစ်ရပ်မှာ အမေရိကန် စစ်တပ်က ဗိုလ်ချုပ်ကြီး ဂျိုးဆက်ဖ် ဗိုလ်တဲလ်က ပြောဆို ခဲ့တာပါ။

ဒါ့အပြင် အီရတ် အစိုးရတပ်ကို လေကြောင်း ပစ်ကူ ပေးနေတဲ့ အမေရိကန် ဦးဆောင်တဲ့ မဟာမိတ် တပ်ပေါင်းစုရဲ့ လက်ချက်နဲ့ အီရတ် အရပ်သား ၂ဝဝ ကျော် သေဆုံး ခဲ့တယ် ဆိုတဲ့ ဖြစ်ရပ် အပေါ်မှာလည်း တရားဝင် စုံစမ်း စစ်ဆေးမှု စတင် နေပြီလို့ ဗိုလ်ချုပ်ကြီး ဗိုလ်တဲလ်က ပြောပါတယ်။

ဒီအချိန်မှာပဲ၊ အီရတ် မြို့တော် ဘဂ္ဂဒက်မှာတော့ ထရပ်ကားပေါ် ဖောက်ခွဲရေး ပစ္စည်းတွေ တင်ပြီး အသေခံ ဗုံးခွဲ တိုက်ခိုက်တာ ခံရလို့ အနည်းဆုံး လူ ၁၅ ယောက် သေဆုံး သွားပြီး၊ ၄၅ ယောက်ကျော် ဒဏ်ရာရ သွားပါတယ်။

စစ်ဆေးရေးဂိတ် တစ်ခုမှာ မော်တော်ယာဉ်ကို ဖောက်ခွဲ ခဲ့တာ ဖြစ်လို့ သေဆုံး သူတွေထဲ ရဲ တပ်ဖွဲ့ဝင်တွေ အများအပြား ပါဝင် ပါတယ်။

IS တွေ အနေနဲ့ အီရတ် နိုင်ငံတလွှား နယ်မြေတွေ လက်လွှတ် ဆုံးရှုံး နေရချိန်မှာ အခုလို အသေခံ ဗုံးခွဲ တိုက်ခိုက်တာမျိုး တိုးမြှင့် လုပ်ဆောင် လာပါတယ်။