အီးယူ ဥပဒေ တွေ အစားထိုး ဖို့ ဗြိတိန် ပြင်ဆင်

  • 30 မတ် 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption အီးယူဥပဒေတွေကိုတော့ လုံးဝဖျက်သိမ်းရမှာဖြစ်ပြီး တချို့ကိုတော့ အစားထိုး ပြင်ဆင်

ဗြိတိန်နိုင်ငံဟာ အီးယူ ဥရောပ သမဂ္ဂကနေ တရားဝင်နှုတ်ထွက်ဖို့ အကြောင်းကြားခဲ့ပြီး ဖြစ်ပါတယ်။

ဗြိတိန်ဟာ ဥရောပ သမဂ္ဂ အဖွဲ့ဝင်နိုင်ငံအဖြစ် ၄၄ နှစ်ကြာပါဝင်ပူးပေါင်းခဲ့ရာကနေ အခုတော့ နှုတ်ထွက်ဖို့အတွက် တရားဝင်အကြောင်းကြားခဲ့ပါပြီ။

အီးယူကနေ တရားဝင်နှုတ်ထွက်ဖို့ အတွက် လစ္စဘွန်းစာချုပ်ရဲ့ ပုဒ်မ ၅၀ နဲ့အညီ စတင်အကောင်အထည်ဖော်နေပြီဖြစ်ပါတယ်။

ဥရောပကနေ နှုတ်ထွက်တဲ့အခါ ဗြိတိန်အပေါ်မှာ သက်ရောက်နေတဲ့ အီးယူဥပဒေတွေ အားလုံးဟာ ပျက်ပြယ်သွားရတော့မှာ ဖြစ်ပါတယ်။ ဒီတော့ အဲဒီဥပဒေတွေနေရာမှာ ဟာကွက်ကြီးဖြစ်မနေရအောင် ဗြိတိန်ဟာ ဥပဒေပေါင်း တထောင်ကျော်ကို အစားထိုးပြင်ဆင်ဖို့ အခု စီစဉ်နေရပါပြီ။

တချို့ အီးယူဥပဒေတွေကိုတော့ လုံးဝဖျက်သိမ်းရမှာဖြစ်ပြီး တချို့ကိုတော့ အစားထိုး ပြင်ဆင်မှာ ဖြစ်ပါတယ်။

ဥရောပပါလီမန်ရဲ့ အကြီးအကဲ မန်းဖရက် ဝက်ဘာကတော့ ဗြိတိန်အနေနဲ့ အခုလို နှုတ်ထွက်တာဟာ အမှားတခုပဲလို့ ပြောပါတယ်။

ဗြိတိန်အနေနဲ့ အီးယူကနေ နှုတ်ထွက်လိုက်ရင် အလုပ်သမားအခွင့်အရေး ပတ်၀န်းကျင်ထိန်းသိမ်းရေး အပါအဝင် ဥပဒေအများအပြား လစ်လပ်သွားပါမယ်။ ဒါပေမယ့် ဥပဒေနဲ့ လုပ်ထုံးလုပ်နည်းတွေဆိုတာ တနေ့တည်း တညတည်းနဲ့ အားလုံးမြေလှန်ပြောင်းလဲဖို့ဆိုတာ မဖြစ်နိုင်တဲ့ အတွက် ဗြိတိန်ဟာ တော်တော်များများကို အီးယူဥပဒေကနေ ကော်ပီလုပ်ပြီး ဗြိတိန်ဥပဒေ အဖြစ်နဲ့ နာမည်ပြောင်း ပြဋ္ဌာန်းရမှာ ဖြစ်ပါတယ်။

အခုလောလောဆယ် မော်လ်တာမှာ အီးယူခေါင်းဆောင်တွေတွေ့ဆုံဆွေးနွေးနေကြပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်ကတော့ ဗြိတိန် အီးယူထဲကနေ နှုတ်ထွက်တာကို ကြိုဆိုပါတယ်။ ဥရောပ ကော်မရှင်ရဲ့ ဥက္ကဋ္ဌ ယန်းကလောက် ယွန်ကာ ကတော့ သမ္မတ ထရမ့်ရဲ့ သဘောထားကို ကန့်ကွက်ပြောဆိုပါတယ်။

ဗြိတိန်နှုတ်ထွက်သွားတာနဲ့ ကမ္ဘာကြီးပျက်မသွားနိုင်ပါဘူး။ ကျနော်တို့ အနေနဲ့ အသစ်တခုအနေနဲ့ ပြန်လည် စတင်ဖို့စဉ်းစားရပါမယ်။ ပိုပြီး အားကောင်း ပိုပြီး ကောင်းမွန်တဲ့ အသစ်တခုအနေနဲ့ ပြန်စရပါမယ်။

တချို့လူတွေက ဗြိတိန်နှုတ်ထွက် သွားတာနဲ့ ကမ္ဘာကြီးပျက်သွားမလို ပြောဆိုနေကြပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ကတောင် ဗြိတိန် အီးယူကနေ နှုတ်ထွက်တာကို ဝမ်းသာနေပြီး တခြားနိုင်ငံတွေကလည်း ဗြိတိန်လို လိုက်လုပ်ဖို့ ပြောနေပါတယ်။ အဲသလို ပြောကြေး ဆိုရင် ကျနော်တို့ကလည်း အိုဟိုင်းယိုး ပြည်နယ်တို့ တက္ကဆက်စ် ပြည်နယ်တို့ ခွဲထွက်ပြီး လွတ်လပ်ရေး တောင်းကြဖို့ တိုက်တွန်း ရမှာပဲလို့ ပြောခဲ့ပါတယ်။

ဗြိတိသျှ ဝန်ကြီးချုပ် ထရီဇာမေကတော့ ဗြိတိန်ဟာခွဲထွက်လိုက်ရင် လွပ်လပ်တဲ့ အချုပ်အချာအာဏာပိုင် အဖြစ်မှာ ပိုပြီး ထင်ရှားလာမယ်လို့ ဆိုပါတယ်။ ဗြိတိန်ဟာ ကိုယ့်ဥပဒေ ကိုယ်ပြဋ္ဌာန်းပြီး ကိုယ်လုပ်ချင်တာကို ကိုယ့်ဖာသာ လွတ်လွတ်လပ်လပ် ဆုံးဖြတ်လုပ်ဆောင်နိုင်တော့မှာ ဖြစ်တယ်လို့ ပြောဆိုပါတယ်ခင်ဗျာ။