အာဆတ်ဖယ်ရှားရေး အမေရိကန် ဦးစားပေးမှာ မဟုတ်

  • 30 မတ် 2017
Image caption ကုလသမဂ္ဂ သံအမတ် နစ်ကီ ဟေလီ

ဆီးရီးယား နိုင်ငံ ဆိုင်ရာ အမေရိကန်ရဲ့ လက်ရှိ မူဝါဒ အရ ဘရှား အယ်လ် အာဆတ်ကို သမ္မတ နေရာက ဖယ်ရှား နိုင်ရေး အပေါ် အဓိက အသားပေး အာရုံစိုက် တော့မှာ မဟုတ်ဘူး ဆိုပြီး အမေရိကန်ရဲ့ ကုလသမဂ္ဂ သံအမတ် နစ်ကီ ဟေလီက ထုတ်ဖော် ပြောဆိုပါတယ်။

ဆီးရီးယား ပြည်သူတွေ လက်ရှိ ခံစား နေရတာတွေကို ဘယ်လို သက်သာရာ ရအောင် လုပ်ပေး နိုင်မလဲ ဆိုတာကို ဦးစားပေး လုပ်ဆောင်မယ်လို့ မစ္စ ဟေလီက ဆိုပါတယ်။

အိုဘားမား အစိုးရ လက်ထက် ကျင့်သုံးခဲ့တဲ့ အာဆတ် ဖယ်ရှားရေး မူဝါဒကို ထရမ့် လက်ထက် ပြောင်းလဲ လိုက်တာ ဖြစ်ပါတယ်။

ဆီးရီးယား ပြည်တွင်း စစ် ဖြစ်လာပြီးတဲ့နောက် သမ္မတ အာဆတ်ဟာ ရာထူး နေရာမှာ တည်မြဲ နိုင်တော့မလား ဆိုတဲ့ အခြေအနေမျိုးထိ ရောက်ခဲ့ ပေမယ့်လည်း၊ ဆီးရီးယား အစိုးရတပ် ဘက်က ရုရှားက ဝင်တိုက် ပေးလာတဲ့ အခါမှာတော့ မစ္စတာ အာဆတ်ရဲ့ သမ္မတ ရာထူး နေရာက အင်မတန် ခိုင်မြဲ သွားတယ် ဆိုပြီး အကဲခတ်တွေက ပြောကြပါတယ်။