နေတိုးစစ်အဖွဲ့ဝင်နိုင်ငံတွေ ရန်ပုံငွေ အပြည့်ပေးရေးလုပ်ကြဖို့ တေလာဆင်ပြော

  • 31 မတ် 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption အဖွဲ့ဝင် ၂၈ နိုင်ငံထဲက အမေရိကန်၊ ဗြိတိန်၊ အက်စတိုးနီးယား၊ ပိုလန်နဲ့ ဂရိ နိုင်ငံတွေကပဲ လျာထားချက်အတိုင်း နေတိုးအတွက် ထည့်ဝင်နေ

မြောက် အတ္တလန္တိတ် နိုင်ငံများ စစ်ရေး စာချုပ် နေတိုး အဖွဲ့ဝင် နိုင်ငံတွေ အနေနဲ့ အဖွဲ့အတွက် သတ်မှတ်ထားတဲ့ ရန်ပုံငွေ အသီးသီးပေးကြဖို့အရေး နိုင်ငံတော် စီမံကိန်းတွေ ချမှတ်ကြဖို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ရက်စ် တေလာဆင်က တိုက်တွန်းလိုက်ပါတယ်။

လာမယ့် မေလအတွင်း ဘယ်လဂျီယန်နိုင်ငံ ဘရပ်ဆဲမြို့မှာ နေတိုးအဖွဲ့ဝင် နိုင်ငံတွေရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေ ပထမဆုံး အကြိမ် အစည်းအဝေးကျင်းပမှာ ဖြစ်ပြီး ဒီအစည်းအဝေးအမှီ နေတိုးရန်ပုံငွေ ပေးကြဖို့အရေး စီမံကိန်းချကြဖို့ အဖွဲ့ဝင် နိုင်ငံတွေကို မစ္စတာ တေလာဆင်က တိုက်တွန်းလိုက်တာပါ။

နေတိုးအဖွဲ့ဝင်တွေ အနေနဲ့ နိုင်ငံ့ ထုတ်ကုန် တန်ဖိုး ဂျီဒီပီရဲ့ ၂ ရာခိုင်နှုန်းကို နေတိုးအတွက် သုံးရမယ်လို့ စာချုပ်မှာ ပြဋ္ဌာန်းထားပေမယ့် အဖွဲ့ဝင် ၂၈ နိုင်ငံထဲက အမေရိကန်၊ ဗြိတိန်၊ အက်စတိုးနီးယား၊ ပိုလန်နဲ့ ဂရိ နိုင်ငံတွေကပဲ ဒီလျာထားချက်အတိုင်း နေတိုးအတွက် ထည့်ဝင်နေတာ ဖြစ်ပါတယ်။

နေတိုးအဖွဲ့အနေနဲ့ လိုအပ်တဲ့ အရင်းအမြစ်တွေ ရှိနေတယ်ဆိုတာ သေချာချင်တယ်လို့လည်း မစ္စတာ တေလာဆင်က ပြောခဲ့ပါတယ်။

ဒီ ဘရပ်ဆဲမြို့က နေတိုးအစည်းအဝေးမှာ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး ကိစ္စနဲ့ ယူကရိန်းနဲ့ တခြားနေရာတွေမှာ ရုရှားက အင်အားသုံး ပတ်သက်မှုတွေကို တန်ပြန်ရေး ကိစ္စတွေ ဆွေးနွေးမှာ ဖြစ်တယ်လို့ သူကပြောပါတယ်။

ဧပြီလ ၅ ရက်နေ့မှာ ကျင်းပဖို့ လုပ်ထားခဲ့တဲ့ ဒီအစည်းအဝေးကို မစ္စတာ တေလာဆင် တက်ရောက်နိုင်ဖို့အတွက် မေလကို ရွှေ့ဆိုင်း ထားတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ