ကုန်ထုတ်မှု ပြန်ရှင်သန်ဖို့ ရည်ရွယ်တဲ့ သမ္မတအမိန့် နှစ်ရပ် ထုတ်ပြန်

  • 31 မတ် 2017
Image caption သမ္မတ အမိန့် နှစ်ရပ် ထုတ်ပြန်

အမေရိကန် ပြည်ထောင်စုရဲ့ ကုန်ထုတ်လုပ်မှုကို ပြန်လည် ရှင်သန်စေအောင် ကူညီမယ့် ဥပဒေတွေ ဆိုပြီး ဒေါ်နယ်ထရမ့်က သမ္မတ အမိန့် နှစ်ရပ် ထုတ်ပြန် လိုက်ပါတယ်။

တစ်ခုကတော့ နိုင်ငံခြား သွင်းကုန် လုပ်ငန်းရှင်တွေ အပေါ် အခွန် ချမှတ်တာ ဖြစ်ပြီး၊ နောက် တစ်ခုကတော့ အမေရိကန် ကုန်သွယ်ရေး လိုငွေပြမှုကို အနုလုံ ပဋိလုံ ပြန်လည် သုံးသပ်ရေး အမိန့်တို့ ဖြစ်ပါတယ်။

နိုင်ငံခြား ထုတ် ပစ္စည်းတွေ ကို အဖိုးအခ အင်မတန် ချိုချိုနဲ့ ရောင်းချ နေတာကြောင့် အမေရိကန် ပစ္စည်းတွေ လူမဝယ် ဖြစ်နေရတာကို တားဆီး နိုင်ဖို့ တင်းကြပ်မှုတွေ ချမှတ်မယ် လို့လည်း သမ္မတ ထရမ့်က ပြောပါတယ်။

အမေရိကန်ရဲ့ ပို့ကုန်ထက် နိုင်ငံထဲ တင်သွင်းတဲ့ ကုန်ပစ္စည်းက အကြီးအကျယ် များနေတာ ကတော့ တရုတ် နိုင်ငံနဲ့ကြား ကုန်သွယ်ရေးမှာ ဖြစ်ပါတယ်။

တရုတ်သမ္မတ ရှီကျင်းပင်ရဲ့ အမေရိကန် ခရီးစဉ် မတိုင်ခင် သီတင်းတစ်ပတ် အလိုမှာပဲ ထရမ့်က ဒီ အမိန့်နှစ်ရပ်ကို လက်မှတ် ထိုးလိုက်တာပါ။

သမ္မတ ရှီကို မစ္စတာ ထရမ့်က ဖလောရီဒါ ပြည်နယ်မှာ ရှိတဲ့ သူ့ရဲ့ ကိုယ်ပိုင် မာရာလာဂို စံအိမ်ဝင်းကြီးထဲ ဧည့်ခံ တွေ့ဆုံမှာ ဖြစ်ပါတယ်။

တရုတ်အစိုးရကို ရည်ရွယ်ပြီး ဒီအမိန့်တွေ ထုတ်ပြန်တာ မဟုတ်ဘူးလို့ သမ္မတ ထရမ့် အစိုးရ တာဝန်ရှိ ပုဂ္ဂိုလ်တွေက ပြောပေမယ့် အမေရိကန် နိုင်ငံရဲ့ ငါးရာ ဘီလျံ ဒေါ်လာဘိုး ကုန်သွယ်ရေး လိုငွေပြနေမှုမှာ တရုတ်နိုင်ငံဟာ အကြီးဆုံး အကြောင်းရင်းခံ ဖြစ်ပါတယ်။

သမ္မတ ထရမ့်က အမေရိကန်နိုင်ငံရဲ့ စီးပွားရေး ပြန်နလံထူလာရေးနဲ့ အမေရိကန် အလုပ်သမားတွေအတွက် အခွင့်အလမ်းတွေ တိုးတက်လာစေရေးအတွက် သူကတိပြုထားတဲ့အတိုင်း လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

ဒီအမိန့်တွေကို အခု လက်မှတ်ထိုးလိုက်တာဟာ သမ္မတ ထရမ့် အစိုးရအနေနဲ့ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း နိုင်ငံရေး အရ အထိနာခဲ့မှုတွေကနေ အာရုံလွှဲဖို့ နဲ့ သူပိုကျွမ်းကျင်တဲ့ ဧရိယာပေါ်မှာ အဓိကထား အာရုံစိုက် လုပ်ဆောင်ဖို့ ကြိုးစားနေပုံ ရတယ်လို့ စီးပွားရေး ဆိုင်ရာ ဘီဘီစီ သတင်းထောက် ဆာမီရာ ဟူစိန်က နယူးယောက်မြို့ကနေ သတင်းပေးပို့ထားပါတယ်။