ဘရက်ဇစ် အရေး EU လမ်းညွှန်ချက် မူကြမ်းထုတ်

  • 31 မတ် 2017
Image caption EU လမ်းညွှန်ချက် မူကြမ်းထုတ်

ဥရောပ သမဂ္ဂ EU အနေနဲ့ သူတို့ အဖွဲ့ထဲက နှုတ်ထွက်မယ့် ဗြိတိန်နဲ့အကြား ဘယ်လို ဆွေးနွေး ညှိနှိုင်းမှုတွေ ပြုလုပ် ဆောင်ရွက်မလဲ ဆိုတဲ့ လက်စွဲ လမ်းညွှန် မူကြမ်းတစ်စောင် ထုတ်ပြန် လာပါတယ်။

နှုတ်ထွက်ရေးနဲ့ ဆိုင်တဲ့ ကိစ္စတွေမှာ တိုးတက်မှုတွေ ဖြစ်ပေါ် မလာမချင်း အနာဂတ် ကုန်သွယ်ရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးမှာ မဟုတ်ဘူးလို့ EU ရဲ့ လက်စွဲထဲ ပြောထားပါတယ်။

EU နိုင်ငံသားတွေရဲ့ အခွင့်အရေး ကိစ္စဟာ အရေးအကြီးဆုံး ဦးစားပေးရမယ့် အကြောင်းချင်းရာ ဖြစ်တယ်လို့ ဥရောပ ကောင်စီ ဥက္ကဌ ဒေါ်နယ်တုစ်ခ်က ပြောပါတယ်။

ရှေ့လျှောက် ဆွေးနွေးပွဲတွေဟာ ရှုပ်ထွေးပြင်းထန်ပြီး တခါတရံ အခြေအတင် အတိုက်အခံတွေ ပြောရဆိုရ တာမျိုးတွေ ကြုံလာရမယ် ဆိုပြီး မျှော်လင့်ထားတယ်လို့ မစ္စတာ တုစ်ခ်က ဆိုပါတယ်။

ဒါပေမယ့်လို့ ၄၄ နှစ်တာ တစုတစည်းတည်း နေလာခဲ့တဲ့ နောက်မှာတော့ လမ်းခွဲတဲ့ အခါမှာလည်း တတ်နိုင်သလောက် အေးအေးဆေးဆေး ငြင်ငြင်သာသာ ဖြစ်ဖို့လည်း နှစ်ဘက်စလုး အတွက် ထိုက်တန်လှပါတယ် ဆိုပြီး မစ္စတာတုစ်ခ်က ပြောပါတယ်။

စကားပြောပွဲတွေ စတင်ပြီး ၆ လလောက် ရောက်ရင်တော့ ဗြိတိန်နဲ့ကြား အနာဂတ် ဆက်ဆံရေး အကြောင်း စဆွေးနွေး ရလောက်အောင် တိုးတက်မှုတွေ ရရှိ ခဲ့သလား ဆိုတာကို ကျန် EU အဖွဲ့ဝင် ၂၇ နိုင်ငံစလုံးက သုံးသပ်ကောင်း သုံးသပ်နိုင်မယ်လို့ မစ္စတာတုစ်ခ်က ဆိုပါတယ်။