တရားရုံး ဆုံးဖြတ်ချက်ကို ရှေ့နေချုပ် ဝေဖန်

  • 31 မတ် 2017
Image caption ဗင်နီဇွဲလားရဲ့ ဒီမိုကရေစီ အကြီးအကျယ် ထိုးနှက် ခံရ

ဗင်နီဇွဲလား နိုင်ငံမှာ အတိုက်အခံတွေ လွှမ်းမိုး ထားတဲ့ ကွန်ဂရက်စ် လွှတ်တော်ထံက ဥပဒေပြု အာဏာကို လွှဲပြောင်း ရယူလိုက်တဲ့ တရားရုံးချုပ်ရဲ့ အဆုံးအဖြတ်ကို ရှေ့နေချုပ် လူဝီဆာ အော်တေးဂါး က ကန့်ကွက် ရှုတ်ချ လိုက်ပါတယ်။

သမ္မတ နီးကိုးလပ်စ် မာဒူရိုရဲ့ နိုင်ငံရေး မိတ်ဖက် တစ်ယောက် ဖြစ်တဲ့ မစ္စ အော်တေးဂါးက အခုလို တုံ့ပြန် လာတာဟာ သမ္မတနဲ့ ဆန့်ကျင်ဘက် ရပ်တည် လိုက်တာပဲ ဖြစ်ပါတယ်။

တရားရုံးချုပ် အဆုံးအဖြတ်ဟာ အခြေခံ ဥပဒေကို ချိုးဖောက် လိုက်တာပဲ ဆိုပြီး မစ္စ အော်တေးဂါးက ပြင်းပြင်းထန်ထန် ဝေဖန်ပါတယ်။

သမ္မတ မာဒူရို ဦးဆောင်တဲ့ ဆိုရှယ်လစ် အစိုးရ အပေါ် အတိုက်အခံတွေ လွှမ်းမိုးထားတဲ့ လွှတ်တော်က ပြင်းပြင်းထန်ထန် ဆန့်ကျင် လာတဲ့နောက် လွှတ်တော်ရဲ့ အာဏာကို တရားရုံးချုပ်က ထိန်းချုပ် ခဲ့တာပါ။

ဒီ အပြုအမူ အပေါ် နိုင်ငံတကာကလည်း ဝေဖန် နေကြတာမှာ အမေရိက နိုင်ငံများ အဖွဲ့က ဗင်နီဇွဲလားရဲ့ ဒီမိုကရေစီ အကြီးအကျယ် ထိုးနှက် ခံလိုက် ရတာပဲလို့ ပြောနေပါတယ်။