ပါရာဂွေး ကွန်ဂရက်ကို ဆန္ဒပြသူတွေ မီးရှို့

  • 1 ဧပြီ 2017
ဓာတ်ပုံ မူပိုင် EPA
Image caption ဒီကိစ္စနဲ့ ပတ်သက်ပြီး ဆန္ဒပြကြတဲ့ ဖြစ်စဉ်အတွင်းမှာ လူငယ် လှုပ်ရှားသူတယောက် ရာဘာကျည်ဆံကြောင့် သေဆုံးခဲ့

ပါရာဂွေး သမ္မတ ဟာရားစီးရိုး ကာတဲစ် ဒုတိယအကြိမ် အရွေးခံနိုင်ဖို့အတွက် ဖွဲ့စည်းပုံပြင်တဲ့ ကိစ္စကို ဆန့်ကျင်တဲ့အနေနဲ့ ကွန်ဂရက် အဆောက်အဦးကို ဆန္ဒပြသူတွေက မီးရှို့ခဲ့ကြပါတယ်။

ပါရာဂွေး ကွန်ဂရက် အဆောက်အအုံဟာ ၂ နာရီ၊ ၃ နာရီလောက် မီးလောင်နေခဲ့တယ်လို့ အခုလို မီးရှို့မှု ဖြစ်ပွားတဲ့နေရာမှာ ရောက်နေခဲ့တဲ့ သတင်းထောက်တယောက်က ဘီဘီစီကို ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဆန္ဒပြကြတဲ့ ဖြစ်စဉ်အတွင်းမှာ လူငယ် လှုပ်ရှားသူတယောက် ရာဘာကျည်ဆံကြောင့် သေဆုံးခဲ့တယ်လို့လည်း အဓိက အတိုက်အခံ လစ်ဘရယ်ပါတီရဲ့ ခေါင်းဆောင်က ပြောဆိုလိုက်ပါတယ်။

အခုလို သေဆုံးသွားတဲ့လူငယ်ဟာ ပါရာဂွိုင်းနိုင်ငံရဲ့ မြို့တော် အစွန်းစီယွန်မြို့မှာရှိတဲ့ အာဏာရ ကော်လိုရားဒိုးပါတီရဲ့ ဋ္ဌာနချုပ်ကို ဝင်ရောက် ဆန္ဒပြတဲ့သူတွေကို ရဲက ရာဘာကျည်ဆံနဲ့ ပစ်ခတ်မှုကြောင့် ဒဏ်ရာရခဲ့သူတွေထဲက တယောက် ဖြစ်တယ်လို့လည်း လစ်ဘရယ်ပါတီခေါင်းဆောင် အယ်ဖရိန်း အယ်လဲဂရေက ပြောပါတယ်။

ဆန္ဒပြသူတွေဟာ အခုလို ဖွဲ့စည်းပုံ ပြင်ဆင်မှုကို ထောက်ခံတဲ့ ရုံးတွေက ရုံးခန်း ပြတင်းပေါက်တွေကိုလည်း ဖျက်ဆီးခဲ့ကြပါတယ်။

ပါရာဂွေး လွှတ်တော်တရပ်က အမတ်အများစု အရေအတွက်ဖြစ်တဲ့ အမတ် ၂၅ ဦးက အခုလို သမ္မတ နောက်တကြိမ် အရွေးခံနိုင်မယ့် ပြင်ဆင်မှုကို သီးသန့် အစည်းအဝေး ပြုလုပ်ပြီး ထောက်ခံဖို့ ဆုံးဖြတ်အပြီးမှာ အခုလို ဆန္ဒပြမှုတွေ ဖြစ်ပေါ်ခဲ့တာပါ။

အခုလို ပြင်ဆင်မှုကို ဆန့်ကျင်နေတဲ့သူတွေကတော့ ဒါဟာ တိုင်းပြည်ရဲ့ ဒီမိုကရေစီနည်းကျ ရှိနေတဲ့ စနစ်တွေကို အားနည်းစေမယ်လို့ ဝေဖန်နေကြပါတယ်။

လက်ရှိ အနေအထားမှာ ပါရာဂွေးနိုင်ငံရဲ့ ၁၉၉၂ ဖွဲ့စည်းပုံ ဥပဒေအရ သမ္မတ တွေဟာ သက်တမ်း ငါးနှစ် တကြိမ်ပဲ ရွေးခွင့်ရှိတာ ဖြစ်ပြီး ပြင်ဆင်မှု အတည်ဖြစ်သွားရင် ၂၀၁၈ မှာ သက်တမ်းကုန်ဆုံးမယ့် လက်ရှိ သမ္မတ ကားတက်စ်က နောက်တကြိမ် ရွေးခွင့်ရမှာ ဖြစ်ပါတယ်။

ပါရာဂွေးနိုင်ငံမှာ စစ်ဗိုလ်ချုပ် အယ်ဖရေ စတိုအက်စနေက ၁၉၅၄မှာ စစ်အာဏာသိမ်းခဲ့ပြီး ၁၉၈၉ အထိ အုပ်ချုပ်ခဲ့တာ ဖြစ်ပါတယ်။

၁၉၉၂ နောက်ပိုင်းကစပြီး ပါရာဂွေး ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ်နဲ့ ဒီမိုကရေစီ အစိုးရတရပ် ပေါ်လာခဲ့ပေမယ့် ပါတီတွင်း ပြိုင်ဆိုင်မှုတွေနဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေလည်း တောက်လျှောက် ရှိနေခဲ့တာ ဖြစ်ပါတယ်။