ကိုလံဘီယာမှာ မိုးကြီး မြေပြိုမှုထဲ လူ ၁၅ဝ ကျော် သေဆုံး

  • 1 ဧပြီ 2017
Image caption ကယ်ဆယ်ရေးတွေ ဆက်လက် လုပ်ဆောင်

ကိုလံဘီယာ နိုင်ငံမှာ မိုးကြီးပြီး မြေပြိုမှုတွေ ဖြစ်ခဲ့လို့ လူတွေ ရာကျော် သေဆုံး ခဲ့ကြရပါတယ်။

အခုဆို အတည်ပြု ထားနိုင်သမျှ သေဆုံး စာရင်းထဲ အယောက် ၁၅ဝ ကျော် သွားပြီလို့ ကိုလံဘီယာ သမ္မတ ဟွမ်မဲန်နွဲ ဆန်းတော့စ်က ပြောပါတယ်။

ကိုလံဘီယာ နိုင်ငံ တောင်ပိုင်းက မိုကိုအာမြို့မှာ ရွှံ့နွံမြေကြီးတွေ၊ ကျောက်ခဲပုံတွေအောက် အိမ်ပြို အိမ်ပျက်တွေကြား ရှာဖွေ ကယ်ဆယ်ရေးတွေ ဆက်လက် လုပ်ဆောင် နေပြီး အဲဒီ့ မြို့ကို သမ္မတ ဆန်းတော့စ် သွားရောက် နေပါတယ်။

နာရီပေါင်းများစွာ မိုးသည်းထန်စွာ ရွာခဲ့တာကြောင့် ပူတူမားယိုး ဆိုတဲ့ ဒေသမှာ မြစ်ရေတွေကြီး၊ မြေတွေပြို ဖြစ်ခဲ့ပြီး သေသလား ရှင်သလား မသိရပဲ ပျောက်ဆုံး နေတဲ့ အရေအတွက်လည်း အတော်များ နေပါတယ်။

အခုဆိုရင် ပူတူမားယိုး ဒေသတစ်ခုလုံး အတွက် သမ္မတ ဆန်းတော့စ်က အရေးပေါ် အခြေအနေ ကြေညာ ထားပါတယ်။

မိုကိုအာမြို့ ဆေးရုံမှာလည်း လူနာတွေနဲ့ ပြွတ်သိပ် ကြပ်ညပ်နေပြီး ကျန်းမာရေး ဝန်ထမ်းတွေ မလုံမလောက် ဖြစ်နေ ရတယ်လို့ ကယ်ဆယ်ရေး လုပ်ဆောင်နေတဲ့ စစ်တပ်က အရာရှိ တစ်ယောက်က ပြောပါတယ်။