ပါကစ္စတန် ဆူဖီဘုရားကျောင်းတွင်း သတ်ဖြတ်မှု လူ ၂၀ သေဆုံး

  • 2 ဧပြီ 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption သေဆုံးခဲ့တဲ့သူတွေကို အခန်းထဲ တယောက်ချင်းသွင်းပြီး ဆေးခတ်ပြီးမှ ဓါးတွေ၊ တုတ်တွေနဲ့ ထိုးခုတ် ရိုက်နှက်ခဲ့

ပါကစ္စတန်နိုင်ငံ ဆာဂိုဒါမြို့က ဆူဖီ အစ္စလာမ် ဘုရားကျောင်း တကျောင်းရဲ့ ကျောင်းတာ၀န်ခံက လူ အယောက် ၂၀ လောက် ကို သတ်ဖြတ်ခဲ့ပြီး စိတ်ဖောက်ပြန်နေပုံရတယ်လို့ ရဲတွေက ပြောပါတယ်။

အခုလို သတ်ဖြတ်မှု ကျူးလွန်ခဲ့တဲ့ အသက် ၅၀ အရွယ် မစ္စတာ အဘဒူ ဝါဟိဒ်ဟာ သေဆုံးခဲ့တဲ့သူတွေကို သူ့အခန်းထဲ တယောက်ချင်းသွင်းပြီး ဆေးခတ်ပြီးမှ ဓါးတွေ၊ တုတ်တွေနဲ့ ထိုးခုတ် ရိုက်နှက်ခဲ့တာ ဖြစ်ပါတယ်။

သတ်ဖြတ်သူဟာ သေဆုံးခဲ့တဲ့ သူ့ရဲ့ ဘာသာရေးနောက်လိုက်တွေက သူ့ကို သတ်ဖို့လာတယ်ထင်လို့ လုပ်ခဲ့တာလို့ ရဲတွေကို ဝန်ခံခဲ့ပါတယ်။

အခုလို သတ်ဖြတ်မှုကြောင့် အသက်မသေပဲ ဒဏ်ရာရခဲ့သူ လေးယောက်ထဲက တယောက်က ရဲကို အကြောင်းကြားခဲတဲ့အတွက် သူ့ကို ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။

သူ့ကို ဖမ်းမိတဲ့အချိန်မှာ သူ့နဲ့ ကြံရာပါတွေကိုလည်း ရဲက ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

အခုလို သတ်ဖြတ်မှုဟာ ဒီဘုရားကျောင်း ကြီးကြပ်ရေး အတွက် ပြိုင်ဆိုင်မှုကြောင့်လည်း ဖြစ်နိုင်တယ်လို့ ဒေသတွင်း အကြီးတန်း ရဲအရာရှိ တယောက်က ပြောပါတယ်။

ဆူဖီ မူဆလင် ဝါဒဟာ အစ္စလမ် ဘာသာ မူကွဲ တခုဖြစ်ပြီး မြင့်မြတ်တဲ့ သူတော်စင်တွေနဲ့ နီးစပ်မှုကို အသားပေးတဲ့ ဘာသာရပ်ရှိပြီး ပါကစ္စတန် နိုင်ငံတလွှားမှာ ဒီဝါဒကို ယုံကြည်သူ အရေအတွက် သန်းနဲ့ချီပြီးရှိတယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ