အိန္ဒိယမှာ မဲပေးစက် အငြင်းပွားစရာဖြစ်

  • 2 ဧပြီ 2017
Image caption ဒီစက်နဲ့ ပတ်သက်ပြီး မဲလိမ်မှုနဲ့ အငြင်းပွားမှုတွေဟာ ပြီးခဲ့တဲ့ ပြည်နယ်ရွေးကောက်ပွဲကတည်းက ရှိနေခဲ့

အိန္ဒိယနိုင်ငံ မဒီရာ ပရာဒေ့ရှ် ပြည်နယ်က အစိုးရ ဝန်ထမ်း ၂ ယောက်ကို မဲပေးတဲ့ စက်ကိစ္စ အရှုပ်အထွေးနဲ့ ပတ်သက်ပြီး အာဏာပိုင်တွေက ရာထူးပြောင်းရွှေ့ထားလိုက်ပါတယ်။

ဒီပြည်နယ်အတွင်းမှာ မကြာခင် ရွေးကောက်ပွဲ ကျင်းပတော့မှာဖြစ်ပြီး မဲပေးစက်ကို စမ်းသပ်တဲ့အခါမှာ ဘယ်ခလုတ်ကိုပဲ နှိပ်နှိပ် အာဏာရ ပါတီ ဘီဂျေပီပဲ မဲရနေတာကို တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

ဒီစက်နဲ့ ပတ်သက်ပြီး မဲလိမ်မှုနဲ့ အငြင်းပွားမှုတွေဟာ ပြီးခဲ့တဲ့ ပြည်နယ်ရွေးကောက်ပွဲကတည်းက ရှိနေခဲ့တာပါ။

ဒီကိစ္စဟာ အခုအချိန်မှာ မြို့တော် ဒေလီက နိုင်ငံရေးသမားတွေကြားမှာ အငြင်းပွားစရာ ဖြစ်လာခဲ့ပြီး နိုင်ငံတော်အဆင့်အထိ ရောက်လာခဲ့တာ ဖြစ်ပါတယ်။

ဒီပြည်နယ်မှာ မဲပေးတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး စနေနေ့မှာ အဆင့်မြှင့် အရာရှိတွေ စေလွှတ်မယ်လို့ အိန္ဒိယ ရွေးကောက်ပွဲ ကော်မရှင်က ကတိပြုထားပါတယ်။