အစ်ဒ်လစ်ဘ်မှာ ဓာတု လက်နက်နဲ့ အတိုက်အခိုက် ခံရ

  • 4 ဧပြီ 2017
Image caption သေဆုံးသူတွေထဲ ကလေးတွေလည်း ပါဝင်

ဆီးရီးယား အနောက်မြောက်ပိုင်း သူပုန် ထိန်းချုပ်နယ် အစ်ဒ်လစ်ဘ် ပြည်နယ်ထဲ ဓာတု လက်နက်နဲ့ တိုက်ခိုက် ခံခဲ့ရလို့ အနည်းဆုံး လူ ၅၈ ယောက် သေဆုံး သွားတယ် ဆိုပြီး စောင့်ကြည့် နေသူတွေက ပြောပါတယ်။

ခန်ရှေဟွန်း ဆိုတဲ့ အရပ်မှာ လေကြောင်း တိုက်ခိုက် ခံခဲ့ရတာ ဖြစ်ပြီး၊ လက်သည်ဟာ ဆီးရီးယား အစိုးရ ဒါမှ မဟုတ် ရုရှားရဲ့ လက်ချက် ဖြစ်တယ်လို့ ဆီးရီးယား လူ့အခွင့်အရေး ဆိုင်ရာ စောင့်ကြည့်ရေး အဖွဲ့က ဆိုပါတယ်။

ဓာတု လက်နက် ဒဏ်ကြောင့် လူအများအပြား အသက်ရှုကြပ် သေဆုံး ခဲ့ရသလို၊ အသက် မသေသူတွေကို ပြုစု ပေးနေတဲ့ ဆေးခန်းတွေကိုလည်း တိုက်လေယာဉ်တွေက ဒုံးကျည်တွေနဲ့ ပစ်ခတ် ခဲ့တယ်လို့လည်း ဆိုပါတယ်။

ဆီးရီးယား အစိုးရတပ်ကတော့ သူတို့ ဓာတုလက်နက် အသုံး မပြုဘူး ဆိုပြီး ငြင်းဆန် နေပါတယ်။

ရုရှားကလည်း အခင်း ဖြစ်ခဲ့တယ် ဆိုတဲ့ အရပ်မှာ သူတို့ လေကြောင်း တိုက်ခိုက်တာတွေ မလုပ် ခဲ့ဘူးလို့ ပြောပါတယ်။

တကယ်လို့ ဓာတု လက်နက်နဲ့ ကြောင့်သာ အခုလောက် အရေအတွက် သေဆုံး ခဲ့ရတာ မှန်ရင်တော့ ဒီ ဖြစ်ရပ်ဟာ ဆီးရီးယား ပြည်တွင်းစစ် ကာလ တလျှောက် ဓာတု လက်နက်ကြောင့် လူတွေ အစုလိုက် အပုံလိုက် အများဆုံး သေဆုံး ခဲ့ရတာ ဖြစ်ပါတယ်။