ဓါတုဓါတ်ငွေ့သုံး တိုက်ခိုက်ခဲ့တယ် ဆိုတဲ့ ဆီးရီးယား အစိုးရကို အမေရိကန် ရှုတ်ချ

  • 5 ဧပြီ 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption ဆီးရီးယား အစိုးရကတော့ ဓါတုဓါတ်ငွေ့ မသုံးဘူးလို့ ငြင်းဆိုနေ

ဆီးရီးယားနိုင်ငံက သူပုန်တွေ သိမ်းပိုက်ထားတဲ့ မြို့တမြို့မှာ ဓါတု ဓါတ်ငွေ့သုံးခဲ့တယ်ဆိုတဲ့ တိုက်ခိုက်မှု တခုအတွင်း အနည်းဆုံး လူ၅၈ဦး သေဆုံးခဲ့အပြီး အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Rex Tillerson က ဆီးရီးယားအစိုးရကို ယုတ်မာ ရက်စက်တဲ့ အာဏာရှင် အစိုးရအဖြစ် စွပ်စွဲပြောဆိုလိုက်ပါတယ်။

အစ်ဒ်လစ်ဘ် ပြည်နယ် ခန်း ရှိတ်ခေါင်းမြို့ကို လေကြောင်းကနေ တိုက်ခိုက်ခံခဲ့ရအပြီးမှာ အဲဒီမြို့က ကလေးငယ်တွေ အများစု ပါတဲ့ လူရာပေါင်းများစွာ အော့အန်၊ အသက်ရှုကျပ်ပြီး ပါးစပ်ကနေ အမြှုပ်တွေ ထွက်ခဲ့ကြတယ်လို့ သတင်းတွေက ဆိုပါတယ်။

ဓါတု ဓါတ်ငွေ့သုံးခဲ့တယ်လို့ ယူဆရတဲ့ အဲဒီ တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ မစ္စတာ Tillerson လိုပဲ နိုင်ငံတကာကလည်း ပြင်းပြင်းထန်ထန် ပြစ်တင် ရှုတ်ချခဲ့ကြပါတယ်။

အမေရိကန် သမ္မတ ထရမ့်ကလည်း ဒီတိုက်ခိုက်မှုကို ရှုတ်ချ ပြောဆိုခဲ့ပါတယ်။

ဒါပေမယ့်လည်း ဒါဟာ ၂၀၁၃ခုနှစ်တုန်းက ဆီးရီးယား အစိုးရရဲ့ ဓါတု ဓါတ်ငွေ့သုံးတိုက်ခိုက်ခဲ့မှုကို အပြစ်ပေး အရေးယူဖို့ သမ္မတ အိုဘားမားက ပျက်ကွက်ခဲ့တဲ့အတွက်ကြောင့် ဖြစ်တယ်လို့ ပြစ်တင် ပြောဆိုလိုက်ပါတယ်။

ဆီးရီးယား အစိုးရကတော့ သူတို့အနေနဲ့ ဓါတု လက်နက်သုံး တိုက်ခိုက်ခဲ့တာမျိုး မရှိဘူးဆိုပြီး ငြင်းဆိုထားပါတယ်။

ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဒီကနေ့မှာ အရေးပေါ် အစည်းအဝေး ခေါ်ယူဖို့ ရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ