ဆီးရီးယား ဓါတု တိုက်ခိုက်မှု သူပုန်တွေ လုပ်တာလို့ ရုရှ စွပ်စွဲ

  • 5 ဧပြီ 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption ကလေးငယ် တွေ မူးဝေအော့အန် တဲ့ ဝေဒနာတွေ ခံစားခဲ့ရ

ဆီးရီးယား နိုင်ငံမြောက်ပိုင်း မှာ ဖြစ်ပွား ခဲ့တဲ့ ဓါတု လက်နက် တိုက်ခိုက်မှု က အစိုးရ ကို ဆန့်ကျင်နေတဲ့ သူပုန် အဖွဲ့တွေက ပစ်ခတ် တိုက်ခိုက် ခဲ့တာ ဖြစ်ကြောင်း ရုရှ အစိုးရက စွပ်စွဲ ပြောကြား လိုက်ပါတယ်။

ဒါပေမယ့် ဆီးရီးယား မြောက်ပိုင်း အစ်လစ် ပြည်နယ် ခန်း ရှိတ်ခွန်း မြို့မှာ လေကြောင်း တိုက်ခိုက်မှု ဖြစ်ပွား ခဲ့တာ ကိုတော့ ရုရှ ကာကွယ်ရေး ဝန်ကြီး ဌာနက က ဝန်ခံ ပြောကြား ခဲ့ပါတယ်။

အဲဒီမြို့မှာ လေကြောင်း တိုက်ခိုက်ခံရပြီး ကလေးသူငယ် အများစု ပါဝင်တဲ့ လူပေါင်းများစွာ ဟာ မူးဝေ အော့အန် တဲ့ ဝေဒနာတွေ ခံစား ခဲ့ရတာ ဖြစ်ပါတယ်။ လေကြောင်း တိုက်ခိုက်မှု အတွင်းမှာ လူ ၇၂ ဦး သေဆုံး ခဲ့ရပြီး ကလေးငယ် အယောက် ၂၀ လည်း အပါအဝင် ဖြစ်ပါတယ်။

ဆီးရီးယား အစိုးရရဲ့ လေကြောင်း တိုက်ခိုက်မှု အတွင်း မှာ ဓါတု အဆိပ် လက်နက် သုံးစွဲ ခဲ့ကြောင်း အမေရိကန် က စွပ်စွဲ ပြောကြား ထားပါတယ်။ ဒါပေမယ့် ဆီးရီးယား အစိုးရ ကတော့ အပြင်းအထန် ငြင်းဆို ထားပါတယ်။

အဲဒီ မြို့က တိုက်ခိုက်ခဲ့မှု ပြီးတော့ ဓါတု လက်နက် သုံးစွဲ ခဲ့မှုနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ အရေးပေါ် အစည်းအဝေး တစ်ရပ် ကို ကျင်းပ နေပါတယ်။