ဆီးရီးယား အနာဂတ်မှာ အာဆတ်အတွက် နေရာမရှိ

  • 6 ဧပြီ 2017
Image caption ကလေး၂၇ ယောက် သေဆုံး

ဆီရီးယားနိုင်ငံရဲ့ အနာဂတ် နိုင်ငံရေးမှာ လက်ရှိ သမ္မတ ဘရှား အယ်လ် အာဆတ် အတွက် နေရာ မရှိဘူး ဆိုပြီး အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ရက်ဇ် တစ်လာဆင်က ပြောဆို လိုက်ပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့က ဆီးရီးယား နိုင်ငံတွင်း ဖြစ်ခဲ့တဲ့ ဓာတုလက်နက်သုံး တိုက်ခိုက်မှုဟာ အင်မတန် ဆိုးရွားတဲ့ ကိစ္စဖြစ်လို့ ပြင်းပြင်းထန်ထန် တုံ့ပြန် ကိုင်တွယ်ဖို့ လိုအပ်တယ် လို့လည်း မစ္စတာ တစ်လာဆင်က ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဆီးရီးယား နိုင်ငံထဲ စစ်ရေးအရ လက်တုံ့ပြန် အရေးယူမလား ဆိုတာကို အိမ်ဖြူတော်နဲ့ ပင်တာဂွန် စစ်ဌာနချုပ်ကြား အသေးစိတ် ဆွေးနွေး နေကြတယ် ဆိုတဲ့ သတင်းတွေလည်း ရရှိ ထားပါတယ်။

အမေရိကန် အာဏာပိုင်တွေကြား ဆွေးနွေး နေကြတာ တွေထဲ ဆီးရီးယား အစိုးရ လေယာဉ်ပျံတွေကို ထိန်းချုပ်မယ့် လေယာဉ် မပျံသန်းရ ကင်းလွတ်ဇုံတွေ သတ်မှတ်ရေးလည်း ပါဝင်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကမှ သမ္မတ အာဆတ်ကို ဖယ်ရှားရေးဟာ အမေရိကန်ရဲ့ ဆီးရီးယား ဆိုင်ရာ မူဝါဒထဲ အဓိက အာရုံ မစိုက် တော့ဘူးလို့ ထရမ့်အစိုးရက ပြောထား ခဲ့ပါတယ်။

ဒါပေမယ့် အာဆတ် အစိုးရဟာ လောလောလတ်လတ်မှာပဲ အရပ်သားတွေကိုပါ ပစ်မှတ်ထားပြီး ဓာတုလက်နက် အသုံးပြု တိုက်ခိုက် ခဲ့တယ် ဆိုပြီး ယူဆရတဲ့ အတွက် အခုလို အမေရိကန် ဘက်က တုံ့ပြန် လာတာ ဖြစ်ပါတယ်။

အဲဒီ ဓာတု လက်နက်သုံး တိုက်ခိုက်မှုကြောင့် သေဆုံး ခဲ့ရတဲ့ လူတွေထဲ ကလေးသူငယ်တွေ အရေအတွက် အနည်းဆုံး ၂၇ ယောက်ပါဝင် နိုင်တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

ဆီးရီးယား အစိုးရကတော့ သူတို့ဘက်က လေကြောင်းကနေ ဓာတု လက်နက်တွေသုံး တိုက်ခိုက်တာ မဟုတ်ပဲ၊ သူတို့ ပစ်ခတ်တဲ့ ဒုံးကျည်ဟာ သူပုန်တွေ သိုလှောင်ထားတဲ့ ဓာတု ပစ္စည်းတွေကို ထိမှန်ရာက သေစေလောက်အောင် ပြင်းတဲ့ ဓာတ်ငွေ့တွေ ထွက်လာခဲ့တာ ဆိုပြီး ပြောနေပါတယ်။