အာဆတ်အစိုးရကို စစ်ရေးအရ ထပ် အရေးယူဖို့ ပြင်ဆင်ထား

  • 7 ဧပြီ 2017
Image caption လုံခြုံရေး ကောင်စီမှာ အရေးပေါ် စည်းအဝေး

ဆီးရီးယား အစိုးရကို စစ်ရေး အရ အရေးယူ ဆောင်ရွက်မှုတွေ ဆက်လက် ပြုလုပ်ကောင်း ပြုလုပ် ဦးမယ် ဆိုပြီး အမေရိကန်က ပြောပါတယ်။

ဆီးရီးယား အစိုးရက ဓာတု လက်နက်သုံး လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်ရာမှာ အသုံး ပြုခဲ့တယ်လို့ အမေရိကန်က ယူဆထားတဲ့ လေတပ် စခန်းကို ဒုံးကျည်တွေနဲ့ ပစ်ခတ် ခဲ့ပြီးတဲ့နောက်၊ အခုလို ထပ်ပြီး သတိပေး လာတာ ဖြစ်ပါတယ်။

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီရဲ့ အရေးပေါ် အစည်းအဝေးမှာ အမေရိကန် သံအမတ် နစ်ကီဟေလီက ပြောတာ ဖြစ်ပါတယ်။

အမေရိကန် အနေနဲ့ အခြေအနေတွေ အပေါ် သုံးသပ် နေပြီး၊ စစ်ရေး လုပ်ဆောင်ချက်တွေ ထပ်လုပ်ဖို့လည်း အသင့် ပြင်ဆင် ထားတယ်လို့ မစ္စ ဟေလီက ဆိုပါတယ်။

ကုလသမဂ္ဂ ဆိုင်ရာ ရုရှား လက်ထောက် သံအမတ် ဗလာဒီမီယာ ဆာဖရွန်နော့ဗ် ကတော့ အမေရိကန် ရဲ့ အပြုအမူဟာ အင်မတန် လွဲမှားပြီး နိုင်ငံတကာ ဥပဒေကို ချိုးဖောက် ခဲ့တာ ဖြစ်တဲ့အပြင် ဆီးရီးယား အရေးနဲ့ ပတ်သက် ပြီးတော့လည်း နောက်ဆက်တွဲ ဆိုးကျိုးတွေ ပြင်းပြင်းထန်ထန် သက်ရောက် လာလိမ့်မယ်လို့ ပြောဆို ခဲ့ပါတယ်။

ဆီးရီးယား အရေးမှာ အခြေအနေတွေ ပိုဆိုး မသွားဖို့ ပါဝင် ပတ်သက် နေသူတွေ အားလုံး စဉ်းစဉ်းစာစား လုပ်ဆောင် ကြပါ ဆိုပြီး ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် အန်တိုနီယို ဂူတားရက်ရှ်က တိုက်တွန်း နေပါတယ်။

သူတို့ရဲ့ လေတပ် စခန်းကို အမေရိကန်က ဒုံးကျည်တွေနဲ့ ပစ်ခတ် ခဲ့တာဟာ အဆင်ခြင် မရှိပဲ တာဝန်မဲ့ လုပ်ဆောင်တာလို့ ဆီးရီးယား အစိုးရက ရှုတ်ချ နေပေမယ့်၊ ကမ္ဘာတလွှားက အမေရိကန် မဟာမိတ်တွေ ကတော့ အမေရိကန် အပေါ် ထောက်ခံမှု အပြည့် ပေးနေပါတယ်။

ဆီးရီးယား အရပ်သားတွေပါ ဓာတု အဆိပ်ငွေ့တွေသုံး တိုက်ခိုက် ခံခဲ့ရတဲ့ နောက် လက်သည်ဟာ ဆီးရီးယား အစိုးရ ဖြစ်တယ် ဆိုပြီး အမေရိကန်က လက်တုံ့ ပြန်လာတာ ဖြစ်ပါတယ်။