ဒေါ့တ်မွန် ဘောလုံးသမားတွေ စီးလာတဲ့ ဘတ်စ်ကားနားမှာ ပေါက်ကွဲမှု ၃ခု ဖြစ်

  • 12 ဧပြီ 2017
ဓာတ်ပုံ မူပိုင် EPA
Image caption ဒေါ့တ်မွန် ဘောလုံးသမားတွေ စီးလာတဲ့ ကားကို တမင် ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပုံရတယ်လို့ ဂျာမန် ရဲတွေပြော

Champions League ဘောလုံးပွဲအတွက် မိုနာကို အသင်းနဲ့ ကစားဖို့ အိမ်ရှင် ဘရွန်ဆီယာ ဒေါ့တ်မွန် ဂျာမန် ဘောလုံးအသင်း ကစားသမားတွေကို အိမ်ကွင်းဆီ တင်ဆောင်လာတဲ့ ဘတ်စ်ကားဟာ ပေါက်ကွဲမှု ၃ခုကြောင့် ထိခိုက် ပျက်စီးသွားခဲ့ပါတယ်။

အဲဒီဘတ်စ်ကားဟာ တမင် ချိန်ရွယ် ပစ်မှတ်ထား တိုက်ခိုက်ခံခဲ့ရတာလို့ ဂျာမန် ရဲတွေက ပြောပါတယ်။

ပေါက်ကွဲမှုတွေ ဖြစ်တဲ့နေရာနားမှာ စာတစောင် တွေ့တယ်လို့ ပြည်နယ် အစိုးရ ရှေ့နေ တဦးက သတင်းစာ ရှင်းလင်းပွဲမှာ ထုတ်ဖော် ပြောသွားပါတယ်။ ဒါပေမယ့်လည်း နောက်ထပ် အသေးစိတ်ကိုတော့ မပြောခဲ့ပါဘူး။

ဒီပေါက်ကွဲမှုတွေကို အကြမ်းဖက် တိုက်ခိုက်မှုအဖြစ် ထင်မြင်ယူဆ ပြောတာမျိုး မလုပ်ကြဖို့ ရဲတွေက သတိပေးထားပါတယ်။

ပေါက်ကွဲမှုအတွင်း လွင့်စင်လာတဲ့ မှန်ကွဲစတွေကြောင့် လက်မှာ ဒဏ်ရာ ရသွားတဲ့ ဒေါ့တ်မွန် အသင်း နောက်ခံလူ Marc Bartra ကို ခွဲစိတ်ကုသမှုတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။

ပြိုင်ဘက် အသင်းက ဘောလုံးဝါသနာအိုးတွေရဲ့ လက်ချက်လား ဆိုတာအပါအဝင် ဖြစ်နိုင်ခြေ အမျိုးမျိုးကို တာဝန်ရှိသူတွေကု စုံစမ်းစစ်ဆေးနေတယ်လို့ DPA ဂျာမန် သတင်းအေဂျင်စီက ပြောပါတယ်။