ဟစ်တလာနဲ့ နှိုင်းပြီး ဝေဖန်စကား ပြောခဲ့တဲ့ အိမ်ဖြူတော် ပြောခွင့်ရ ပုဂ္ဂိုလ် ပြန်တောင်းပန်

  • 12 ဧပြီ 2017
ဓာတ်ပုံ မူပိုင် EPA
Image caption Sean Spicer က ဆီးရီးယား သမ္မတ အားဆတ်ကို ဟစ်တလာနဲ့ ခိုင်းနှိုင်း ပြောခဲ့

ဒုတိယကမ္ဘာစစ်အတွင်းတုန်းက ဟစ်တလာတောင် ဓါတုလက်နက်တွေ မသုံးခဲ့ဘူး ဆိုပြီး ခိုင်းနှိုင်း ဝေဖန်ပြောခဲ့တဲ့ အိမ်ဖြူတော် ပြောခွင့်ရ ပုဂ္ဂိုလ် Sean Spicer က သူဟာ ကိုယ်ချင်းမစာ မလျော်ကန်တဲ့ စကားမျိုးတွေ ပြောမိခဲ့ပါတယ်လို့ ထုတ်ဖော် ဝန်ခံပြီး တောင်းပန်စကား ပြန်ပြောခဲ့ရပါတယ်။

နာဇီတွေရဲ့ သုတ်သင်မှုကနေ အသက်ရှင် လွတ်မြောက်ခဲ့သူတွေအပါအဝင် သူစိတ်အနှောင့်အယှက် ဖြစ်အောင် လုပ်ခဲ့သူတွေ အားလုံးကို တောင်းပန်ပါကြောင်း Sean Spicer က CNN သတင်းဌာနကို ပြောခဲ့ပါတယ်။

အိမ်ဖြူတော် သတင်းစာ ရှင်းလင်းပွဲမှာတုန်းက Sean Spicer က ဆီးရီးယား သမ္မတ အားဆတ်ကို ဟစ်တလာနဲ့ ခိုင်းနှိုင်း ပြောဆိုခဲ့ပြီး ဓါတုလက်နက်တွေ သုံးခဲ့တယ်ဆိုတဲ့ ဆီးရီးယား အစိုးရကို ထောက်ခံအားပေးနေတဲ့ ရုရှား အစိုးရကို ဝေဖန် ပြောဆိုခဲ့တာပါ။

ဟစ်တလာဟာ ဂျူးတွေနဲ့ နောက်တခြားလူတွေကို အဆိပ်ဓါတ်ငွေ့တွေ သုံးပြီး သတ်ခဲ့တယ် ဆိုတာကို သတင်းထောက်တွေက ပြန်ထောက်ပြခဲ့ကြပါတယ်။