ဒေါ့မွန် ပေါက်ကွဲမှု - အစ္စလာမ္မစ်လက်ချက် ဟုတ်မဟုတ် ရဲက စစ်ဆေးနေ

  • 12 ဧပြီ 2017
ဓာတ်ပုံ မူပိုင် STR
Image caption ဒီတိုက်ခိုက်မှုက တမင်ချိန်ရွယ် တိုက်ခိုက်ခဲ့တာလို့ ဂျာမနီ ရဲက ပြောပါတယ်။

ဂျာမနီက ဘော်ရုရှာ ဒေါ့မွန် ဘောလုံးအသင်းရဲ့ ကားကို ပစ်မှတ်ထား တိုက်ခိုက်တဲ့ ပေါက်ကွဲမှုအနီးမှာ သံသယဖြစ်ဖွယ် စာတစ်စောင် တွေ့ရှိရတယ်လို့ ဂျာမနီကလာတဲ့ သတင်းတွေမှာ ဖော်ပြပါတယ်။

ဒီစာအရ အခု တိုက်ခိုက်မှုဟာ အစ္စလာမ္မစ်တွေရဲ့ လက်ချက်လို့ ယူဆနိုင်စရာရှိပေမယ့် ဒီစာဟာ တမင် လမ်းကြောင်းလွှဲချင်တဲ့သဘောနဲ့ လုပ်တာလည်း ဖြစ်နိုင်ကြောင်း စုံထောက်တွေက ပြောပါတယ်။

စာရဲ့ အစမှာ 'အလ္လာဟ်အရှင်မြတ် နာမတော်ဖြင့်' ဆိုတဲ့ စကားလုံး ရေးထားတယ်လို့ ဆိုပြီး အာဏာပိုင်တွေဘက်ကတော့ ဒီစာနဲ့ပတ်သက်ပြီး အတည်ပြုတာမျိုး မရှိသေးပါဘူး။

စာထဲမှာ ဘာလင် ခရစ္စမတ်စျေးကို တိုက်ခိုက်ခဲ့မှုနဲ့ ဆီးရီးယားက စစ်ဆင်ရေးတွေအကြောင်းလည်း ဖော်ပြထားတယ်လို့ ဂျာမနီက မီဒီယာတွေမှာ ဖော်ပြပါတယ်။

ရဲက အခုအခါ ဘောလုံးသမားတွေ တည်းခိုရာ ဟိုတယ်အနီးကို ပိတ်ဆို့ထားပြီး ရှာဖွေ စစ်ဆေးမှုတွေ လုပ်နေပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ဘော်ရုရှာ ဒေါ့မွန်နဲ့ စပိန်အသင်းက နောက်တန်းကစားသမား Marc Bartra ဒဏ်ရာရခဲ့

ဒေါ့မွန်အသင်းဟာ ချန်ပီယံစ်လိဂ် ကွာတားဖိုင်နယ် ဘောလုံးပွဲကစားဖို့ ဘောလုံးကွင်းကို ကားနဲ့အသွားမှာ စည်းရိုးမှာ ထောင်ထားတဲ့ ဖောက်ခွဲရေးပစ္စည်းက ပေါက်ကွဲပြီး ကားကို ထိမှန်တာ ဖြစ်ပါတယ်။

ဒီပေါက်ကွဲမှုကြောင့် ဘော်ရုရှာ ဒေါ့မွန်နဲ့ စပိန်အသင်းက နောက်တန်းကစားသမား Marc Bartra ဟာ လက်ကောက်ဝတ် ဒဏ်ရာရသွားပြီး ကားမှန်ကွဲစတွေနဲ့လည်း ထိရှခဲ့ပါတယ်။

ဒေါ့မွန်ဟာ မိုနာကိုနဲ့ ပွဲကို ဒီည (ဗုဒ္ဓဟူးညမှာ) ကစားဖို့ ရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ