သမ္မတ အားဆတ်ကို သားသတ်သမား တဦးအဖြစ် သမ္မတထရမ့် ဝေဖန်

  • 13 ဧပြီ 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption နေတိုးအတွင်းရေးမှူးချုပ် Jens Stoltenberg နဲ့အတူ သမ္မတထရမ့် သတင်းစာ ရှင်းလင်းပွဲ ပူးတွဲ ပြုလုပ်

အမေရိကန်သမ္မတ ထရမ့်က ဆီးရီးယား သမ္မတ ဘရှား အယ်လ် အားဆတ်ဟာ သားသတ်သမား တဦး ဖြစ်တယ်လို့ ရှုတ်ချ ပြောဆိုလိုက်ပြီး ဆီးရီးယား ပြည်တွင်းစစ်ကို အဆုံးသတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။

နေတိုးအတွင်းရေးမှူးချုပ် Jens Stoltenberg နဲ့အတူ ပူးတွဲ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ မစ္စတာ ထရမ့်က သူပုန်တွေ ထိန်းချုပ်ထားတဲ့ ခန်း ရှိတ်ခ်ခေါင်မြို့ပေါ်ကို ဓါတုလက်နက်သုံးခဲ့တယ်လို့ ယူဆရတဲ့ တိုက်ခိုက်မှုအတွင်း အပြစ်မဲ့ အရပ်သားတွေကို ရက်ရက်စက်စက် အမဲဖျက်သလို သတ်ဖြတ်ခဲ့တယ် ဆိုပြီး ရှုတ်ချ ပြောဆိုခဲ့ပါတယ်။

ဒီလို ဓါတ်ငွေ့သုံး တိုက်ခိုက်ခဲ့တာဟာ ရက်စက်ကြမ်းကြုတ်တဲ့ အကြမ်းဖက်တဲ့ တိုက်ခိုက်မှု ဖြစ်ကြောင်း၊ ကလေးငယ်တွေ၊ နို့စို့ကလေးလေးတွေ အဖေ့ရင်ခွင်ထဲမှာ မရှုမလှ သေဆုံးခဲ့ရတဲ့ မြင်ကွင်းထက် ဆိုးတာ ဘာမှ မရှိတော့ကြောင်း၊ ဒီအတွက် တခုခု လုပ်မှ ဖြစ်မယ်လို့ ယူဆတာကြောင့် ဆီးရီးယား အစိုးရ လေတပ်စခန်းကို မစ်ဆိုင်းဒုံးတိုက်ခိုက်မှု လုပ်ခဲ့တာ ဖြစ်ပြီး ဒါဟာ မှန်ကန်တဲ့ လုပ်ရပ်ဆိုတာ သံသယဖြစ်စရာ မရှိကြောင်း သမ္မတ ထရမ့်က ပြောသွားပါတယ်။

ဆီးရီးယား အစိုးရရဲ့ တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ရုရှား အစိုးရရဲ့ တုံ့ပြန်ပုံက အလွန်တရာ စိတ်ပျက်စရာ ကောင်းလွန်းတယ်လို့လည်း သူက ပြောသွားပါတယ်။

ဒီအတောအတွင်းမှာပဲ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Rex Tillerson က အမေရိကန်နဲ့ ရုရှား ဆက်ဆံရေးဟာ အနိမ့်ဆုံး အဆင့်ကို ရောက်နေပြီး တိုးတက် ကောင်းမွန်အောင် လုပ်ဖို့ လိုနေတယ်လို့ ပြောပါတယ်။

ရုရှား သမ္မတ ပူတင်၊ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လက်ဗ်ရော့ဗ် တို့နဲ့ နှစ်နာရီနီးပါး တွေ့ဆုံဆွေးနွေးခဲ့အပြီး မော်စကိုမြို့မှာ မစ္စတာ Tillerson က အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။

ဆွေးနွေးပွဲမှာ ဆီးရီးယား အရေးကို အဓိကထား ပြောဆိုခဲ့ကြတာပါ။

ဓါတုလက်နက်သုံးတယ်လို့ ယူဆရတဲ့ တိုက်ခိုက်မှုမှာ ဆီးရီးယား အစိုးရ ပါဝင် ပတ်သက်ခဲ့တယ် ဆိုတဲ့ အထောက်အထားမျိုး သူမတွေ့ရသေးဘူးလို့ မစ္စတာ လက်ဗ်ရော့ဗ်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ