တင်းမာမှုတွေရှိနေပေမယ့် မြောက်ကိုရီးယား က စီမံကိန်း တစ်ခု ဖွင့်လှစ်

  • 13 ဧပြီ 2017
ဓာတ်ပုံ မူပိုင် EPA
Image caption မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်း တက်ရောက်

ပြုံယမ်းမြို့တော်မှာ အိမ်ယာတွေကော စီးပွားရေး လုပ်ငန်း နေရာတွေ ပါ ပါ၀င် တဲ့ ဆောက်လုပ်ရေး စီမံကိန်းကြီး တခု ပြီးစီးလို့ ဖွင့်လှစ်တဲ့အခမ်းအနား ကို အကြီးအကျယ် ကျင်းပခဲ့ပါတယ်။

ဒီ ပြုံယမ်းမြို့တော်မှာ ဆောက်လုပ်ပြီးစီးလို့ ဖွင့်လှစ်လိုက်တဲ့ တိုက်တာ အဆောက်အဉီး တွေ ဆီကို ဝင်လာတဲ့လမ်းမ ကြီးမှာ လူတွေ ထောင်ချီ ပြီး ဝင်ရောက်လာခဲ့ပါတယ်။

စစ်ယူနီဖောင်းတွေ နဲ့ အရာရှိတွေ သူတို့ရင်ဘတ်မှာလည်း ဆုတံဆိပ်တွေ အပြည့်ပါ။ နောက် မှာတော့ အနောက်တိုင်းဝတ်စုံပြည့် ၀တ်ဆင်ထားကြတဲ့ အရပ်ဘက် က သူတွေ တခါ ရိုးရာဝတ်စုံတွေ ၀တ်ဆင်ထားကြတဲ့ အမျိုးသမီးတွေ ပြည်သူတွေ အများ အပြားပါ။

ဒီလမ်းမကြီး ကို တားထားခဲ့တဲ့ ဖဲကြိုးနီကို ဖြတ်ပေးပြီး ဖွင့်လှစ်ပေးလိုက်တာ ကတော့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်း ပါ။

ခမ်းနားတဲ့ဒီ ဆောက်လုပ်ရေး ပရောဂျက် ကို အခုလို အမေရိကန်နဲ့ တင်းမာချိန်မှာ ဖွင့် ပြလိုက်တဲ့ သဘော ကတော့ တို့ဘာသာ တို့ စီးပွားရေး အရ ခိုင်မာ အောင်လုပ်နိုင်တယ် ဆိုတဲ့ အချက်ပြချက် ပဲလို့ အဲဒီ ကို ရောက်နေတဲ့ ဘီဘီစီ သတင်းထောက် ဂျွန်ဆပ်ဝတ်တ် က သုံးသပ်ပါတယ်။

အမေရိကန် သမ္မတ ထရမ့်ကိ ကိုရီးယား ကျွန်းဆွယ်ဒေသ ဘက်မှာ အမေရိကန် စစ်သင်္ဘော အုပ်စု တခု ကို ချထားခဲ့ပြီးတော့ မြောက်ကိုရီးယားနဲ့ပတ်သက်လို့ တရုတ် က မကူ လည်းအမေရိကန် က ကိုယ့်ဘာသာ ကိုယ်လုပ်မှာ ဆိုတဲ့မှတ်ချက် စကား ကို ပြောထားပါတယ်။

မြောက်ကိုရီးယား ဘက်က လည်း သူတို့ ဘာသာသူတို့ အားရှိရှိနဲ့ ကာကွယ်သွားမယ် လို့ ခပ်ထန် ထန် တုန့်ပြန်ထားတာပါ။

မြောက်ကိုရီးယား နျူးကလီးယား အရေးနဲ့ ပတ်သက်ပြီး အမေရိကန်အပါအဝင် နိုင်ငံတကာ က မဖြေရှင်း နိုင်သေးပါဘူး

တရုတ် ကတော့ ကိုရီးယား ကျွန်းဆွယ်ဒေသမှာ နျူကလီးယား ကင်းမဲ့တဲ့ဇုန်အဖြစ် လုပ်ဆောင်သွားဖို့ ပိုင်းဖြတ်ထားတယ်လို့ ပြောပြီး အခု အမေရိကန် နဲ့မြောက်ကိုရီးယား တို့ တင်းမာ တဲ့ကိစ္စမှာ တော့ ပြဿနာကို ငြိမ်းချမ်းတဲ့နည်းတွေနဲ့သာ ဖြေရှင်း ကြပါလို့ သဘောထား ထုတ်ပြန်ထားတာပါ။

ပြုံယမ်း က ဆောက်လုပ်ရေး စီမံကိန်းကြီး ဖွင့်ပွဲကို တက်လာတဲ့ လူတွေ ထဲက မြောက်ကိုရီးယား နိုင်ငံသား ကင်ဆွန် ဂွတ် က

ကျနော်တို့ ရဲ့ ကြီးမြတ်တဲ့ခေါင်းဆောင် တွေ က ပထမဉီးစားပေးအနေနဲ့ စစ်ရေးအင်အားကြီးမားရမယ် ဆိုတဲ့ ပေါ်လစီ ချထားခဲ့တာ။ ခေါင်းဆောင် ကင်ဂျုံအွန်း က နျူကလီယား ပါဝါ ကို ရယူနိုင်တဲ့ ခေါင်းဆောင် ဆိုတော့ ကျနော်တို့ စိတ်အေးချမ်းသာ လုံလုံခြုံခြုံနေရတာ ပေါ့လို့ ပြောပါတယ်။

နောက်ပရိသတ် ထဲက အမျိုးသမီးတယောက် ဖြစ်တဲ့ ကင်ဘူဟွေ ကတော့

ရှေ့ ဘာဖြစ်လာမလဲဆိုတာမသိပါဘူး။ ဒါပေမယ့် ဘာမှ စိတ်ပူစရာမရှိပါဘူး။ ရှေ့ဆက်သွားဖို့ ပဲ လို့ ဆိုပါတယ်။

အခုလို မြောက်ကိုရီးယား ထဲ လုံခြုံစိတ်ချ ပါတယ် ဆိုတဲ့ အသံတွေ ပဲကြားရပေမယ့် မြောက်ကိုရီးယား နဲ့ တရုတ် နယ်စပ် ဖက် တရုတ်ဘက်အခြမ်းက သူတွေ ကတော့ စစ်ဖြစ်ခဲ့ရင် သူတို့ မြေထဲ မြောက်ကိုရီးယား က ဒုက္ခသည်တွေ ရောက်လာမှာကို စိုးရိမ်ပါတယ်။

စစ်သာဖြစ်လာလို့ ကတော့ ကျွန်းဆွယ် ဒေသတခုလုံး ကမောက်ကမ နဲ့ အကုန်လုံး ကသောင်းကနင်း ဖြစ်ကုန်တော့မှာ။ မြောက်ကိုရီးယား တင်မကဘူး တောင်ကိုရီးယား ကော စစ်ထဲပါလာတော့မှာ ။

တရုတ်သမ္မတ ရှီကျင့်ဖျင် က ကျွန်းဆွယ်မှာ ငြိမ်းချမ်းရေး ရှိဖို့ အမေရိကန် သမ္မတ ကို ပြောထားပါတယ်။ အမေရိကန်အနေနဲ့လည်း တနိုင်ငံ ထဲနဲ့တော့ စစ်ပွဲ စမယ် ဆိုတာမျိုး မလုပ်ရဲဘူးထင်ပါတယ် လို့ ဒန်ဒေါင်းမြို့ခံတယောက် က ပြောသွားပါတယ် ။

မြောက်ကိုရီးယား ကတော့ စီမံကိန်း ဖွင့်ပွဲ တေးသံ ကနေ တို့မမှု ဆိုတဲ့ သတင်းပါးနေပေမယ့် ဒေသတွင်းမှာ တော့ စိုးရိမ်မကင်း ဖြစ်နေ တာတွေ ကတော့ အထင်အရှားတွေ့နေရပါတယ်။