GBU-43 ဧရာမဗုံးကို အမေရိကန် အသုံးပြု တိုက်ခိုက်လာ

  • 13 ဧပြီ 2017
Image caption ၂ဝဝ၃ ခုနှစ်က စမ်းသပ် ဖောက်ခွဲ ခဲ့တဲ့ နောက်ပိုင်း ပထမဆုံး အကြိမ် အသုံးပြု

အဏုမြူဗုံး မဟုတ်တဲ့ ဗုံးတွေထဲ အကြီးဆုံး ဖြစ်တဲ့ GBU-43 ဗုံးကို ပထမဆုံး အကြိမ် စတင် အသုံးပြု ခဲ့တယ်ဆိုပြီး အမေရိကန်က အတည်ပြု ပါတယ်။

ဗုံးတကာတို့ရဲ့ မိခင် ဆိုပြီး တင်စား ခေါ်ကြတဲ့ ဗုံးဧရာမကြီးကို အာဖဂန်နစ္စတန် နိုင်ငံ နန်ဂဟား ပြည်နယ်ထဲမှာ ကြဲချခဲ့တာ ဖြစ်ပြီး၊ အစ္စလမ်မစ် နိုင်ငံ အဖွဲ့ IS လက်နက်ကိုင်တွေ ပုန်းခို နေတဲ့ နေရာတွေကို ဖျက်စီး ရှင်းလင်းဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။

IS တွေ ခိုအောင်း နေရာ ဂူတွေကို ပစ်မှတ်ထား တိုက်ခိုက်တာ ဖြစ်ပြီး၊ နယ်မြေ ရှင်းလင်းရေး တွေ လုပ်ဆောင်နေတဲ့ အာဖဂန်နဲ့ အမေရိကန် တပ်ဖွဲ့တွေ အန္တရာယ် နည်းနိုင်သမျှ နည်းအောင် အဲဒီ ဗုံးကို အသုံးပြု ခဲ့တာ ဖြစ်တယ်လို့ အမေရိကန် စစ်ဌာနချုပ် ပင်တာဂွန်က ထုတ်ပြန် ပါတယ်။

GBU-43 ဗုံးဟာ TNT အမျိုးအစား ဖောက်ခွဲရေး စွမ်းအားပြင်း ပစ္စည်း အလေးချိန် ၁၁ တန်နဲ့ ညီမျှပြီး၊ ၂ဝဝ၃ ခုနှစ်က စမ်းသပ် ဖောက်ခွဲ ခဲ့တဲ့ နောက်ပိုင်း အခု ပထမဆုံး အကြိမ် အသုံးပြု လာတာ ဖြစ်ပါတယ်။

အာဖဂန်နစ္စတန်မှာ GBU-43 ဗုံးကို ကြဲခဲ့တယ် ဆိုပြီး ပြောလာတဲ့ တစ်နေ့တည်း မှာပဲ၊ ဆီးရီးယားထဲမှာတော့ လေကြောင်းတိုက်ခိုက်မှု မှားယွင်းပြုလုပ် ခဲ့မိတဲ့ အတွက် ကာ့ဒ်မျိုးနွယ်စု လက်နက်ကိုင်တွေ ဦးဆောင်တဲ့ သူပုန်အဖွဲ့ ဖြစ်တဲ့ ဆီရီးယား ဒီမိုကရက်တစ် အဖွဲ့ဝင် ၁၈ ယောက် သေဆုံး ခဲ့ရတယ် ဆိုပြီးတော့လည်း ပင်တာဂွန်က ဝန်ခံ ခဲ့ပါတယ်။

IS တွေရဲ့ နေရာဆိုပြီး မိတ်ဖက် အဖွဲ့ တစ်ခု ဆီက ရတဲ့ သတင်းအမှားကြောင့် အမေရိကန်က ကျောထောက် နောက်ခံပြုပေး နေတဲ့ သူပုန်အဖွဲ့ကို ပြန်လည် တိုက်ခိုက် မိခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ