ကိုရီးယားအရေး တရုတ်သတိပေး

  • 14 ဧပြီ 2017
ဓာတ်ပုံ မူပိုင် EPA
Image caption မြောက်ကိုရီးယားမှာ နျူးကလီးယားဗုံးထပ်စမ်းဖို့ ကိစ္စကို ခေါင်းဆောင် ကင်ဂျုံ အွန်က လုပ်ဖို့ ဆုံးဖြတ်မယ်ဆိုရင် အချိန်မရွေး လုပ်မယ်လို့ မြောက်ကိုရီးယားက ကြေညာအပြီးမှာပဲ အခုလို သတိပေးချက် ထွက်ပေါ်လာ

ကိုရီးယားကျွန်းဆွယ်က အခြေအနေ တင်းမာမှုတွေနဲ့ ပတ်သက်ပြီး ပဋိပက္ခတွေ ဖြစ်လာရင် ဘယ်သူမှ အမြတ်မထွက်နိုင်ဘူးလို့ တရုတ်ဘက်က သတိပေးမှုတွေ ပြုလုပ်ခဲ့ပါတယ်

တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ရီက

'မြောက်ကိုရီးယားကိစ္စမှာ အင်အားကြီးကြောင်း ပြနိုင်တဲ့သူက အနိုင်ရတဲ့သူ ဖြစ်လာမှာ မဟုတ်ပါဘူး၊

စပြီး ပဋိပက္ခဖြစ်အောင်လုပ်တဲ့သူဟာ သမိုင်းတာဝန်ယူပြီး ပေးဆပ်ရမှာပါ'လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်နဲ့ မြောက်ကိုရီးယားတို့ တဖက်နဲ့တဖက် မခံချင်အောင် ဆွနေတာတွေကို ရပ်ကြဖို့ လိုပြီး ထိန်းမနိုင် သိမ်းမရ အခြေအနေ အထိ ရောက်မသွားဖို့ လိုတယ်လို့လည်း မစ္စတာ ဝမ်ရီက သတိပေးခဲ့ပါတယ်။

မြောက်ကိုရီးယားမှာ နျူးကလီးယားဗုံးထပ်စမ်းဖို့ ကိစ္စကို ခေါင်းဆောင် ကင်ဂျုံ အွန်က လုပ်ဖို့ ဆုံးဖြတ်မယ်ဆိုရင် အချိန်မရွေး လုပ်သွားမယ်လို့ မြောက်ကိုရီးယားက ကြေညာအပြီးမှာပဲ အခုလို သတိပေးချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားကို တရုတ်က ကိုင်တွယ်နိုင်မယ်လို့ အမေရိကန်က ယုံကြည်ပေမယ့် ဒီလို မဖြစ်ခဲ့ရင် အမေရိကန်နဲ့ မဟာမိတ်တွေက ကိုင်တွယ်သွားမယ်ဆိုတဲ့ အမေရိကန်သမ္မတရဲ့ တွစ်တာက ပြောဆိုချက်တွေကိုလည်း မြောက်ကိုရီးယားက ပြန်လည် ဝေဖန်ထားပါတယ်။

တရုတ်မြို့တော် ဘေဂျင်းနဲ့ မြောက်ကိုရီးယားမြို့တော် ပြုံယမ်းတို့အကြား လေကြောင်းပျံသန်းမှုတွေကို တနင်္လာနေ့က စပြီး ခေတ္တရပ်ဆိုင်းလိုက်ကြောင်းကိုလည်း တရုတ်နိုင်ငံပိုင် သတင်းဌာန စီစီတီဗီက ကြေညာခဲ့ပေမယ့် အကြောင်းရင်းကိုတော့ မထုတ်ပြန်ခဲ့ပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ