ကိုရီးယား ကျွန်းဆွယ်အရေး ငြိမ်းချမ်းတဲ့နည်း သုံးဖို့ တရုတ် တိုက်တွန်း

  • 15 ဧပြီ 2017
Image caption ဒီ စစ်ပွဲမှာ အနိုင်ရသူ ဆိုတာ ရှိမှာ မဟုတ်

ကိုရီးယားကျွန်းဆွယ်မှာ စစ်ပွဲ တစ်ရပ် အချိန်မရွေး ပေါက်ကွဲထွက် လာတော့မယ်လို့ ယူဆကြောင်း တရုတ်အစိုးရက သတိပေး နေပါတယ်။

မြောက်ကိုရီးယား အစိုးရရော၊ အမေရိကန်ကပါ အခြေအနေကို မထိန်းနိုင် မသိမ်းနိုင် အဆင့်မျိုး ထိရောက်အောင် ပြုမူ နေကြပြီး၊ လက်နက်ကိုင် ပဋိပက္ခ တကယ်ဖြစ်လာပြီ ဆိုရင် ဒီ စစ်ပွဲမှာ အနိုင်ရသူ ဆိုတာ ရှိမှာ မဟုတ်ပဲ ကိုယ်စီ ဆုံးရှုံးရမှာ ဖြစ်တယ်လို့ တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိက ပြောပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်တက်လာချိန်ကစလို့ မြောက်ကိုရီးယားမှာ နျူလက်နက် မပိုင်စေရဘူး၊ မပိုင်နိုင်အောင် လုပ်ရမယ်လို့ ကြုံးဝါးထားပေမယ့် မြောက်ကိုရီးယားကတော့ ဂရုစိုက်ပုံမရပါဘူး။ ထရမ့် မတက်လာခင်ကလေးမှာရော တက်လာပြီး ချိန်မှာပါ ဒုံးပျံတွေ စမ်းသပ် ပစ်လွှတ်နေသလို နျူကလီးယား စမ်းသပ်မှုတွေလည်း ဆက်လုပ်နေခဲ့ပါတယ်။

နျူထပ်စမ်းနိုင်

မြောက်ကိုရီးယားဟာ ဒီရက်ပိုင်းမှာပဲ သူ့ရဲ့ ဆဋ္ဌမမြောက် နျူစမ်းသပ်မှုတစ်ခုကို လုပ်လိမ့်မယ်လို့ လေ့လာစောင့်ကြည့်သူတွေက ယူဆထားပါတယ်။

ဧပြီလ ၁၅ ရက် စနေနေ့ဟာ မြောက်ကိုရီးယားကို တည်ထောင်ခဲ့တဲ့ ကင်မ်အီလ်ဆွန်း အသက်ရှင်နေဦးမယ် ဆိုရင် ၁၀၅ နှစ်ပြည့်မယ့်နေ့ပါ။ အဲဒီအတွက် သူ့မြေးဖြစ်သူ လက်ရှိခေါင်းဆောင် ကင်မ်ဂျုံအွန်းက မြို့တော် ပြုံယမ်းမှာ စစ်ရေးပြ စစ်အင်အားပြပွဲကြီး အကြီးကြီး တစ်ခုလုပ်ဖို့ ပြင်ဆင်နေပါတယ်။ ဒီလိုမျိုး နေ့ကြီး ရက်ကြီးတွေမှာ မြောက်ကိုရီးယားဟာ သူ့ရဲ့ နျူကလီးယား စမ်းသပ်မှုကို လုပ်တတ်ပါတယ်။

တစ်ခါ ပိုစိုးရိမ်စရာ ကောင်းတာကတော့ သမ္မတထရမ့်ကလည်း မြောက်ကိုရီးယားကို ဘယ်သူ ပါပါမပါပါ အမေရိကန်တစ်နိုင်ငံထဲက ကိုင်သွားနိုင်တယ်လို့ ပြောထားပြီး သူ့ရဲ့ လေယာဉ်တင် သင်္ဘောကြီး ကားလ်ဗင်ဆင်နဲ့ စစ်သင်္ဘောအုပ်စုတစ်စုကို ကိုရီးယားပင်လယ်ထဲကို လွှတ်ထားပါတယ်။ ပြီးခဲ့တဲ့ နှစ်ရက်လောက်ကလည်း ဂျပန်မှာ ရှိတဲ့ အမေရိကန် စစ်စခန်းက တိုက်လေယာဉ်တွေက အသင့်ပြင် လေ့ကျင့်ခန်းတွေ လုပ်နေခဲ့တယ်လို့ သိရပါတယ်။

လက်ဦးမှု ယူပြီး တိုက်မယ်

ကင်မ်အီလ်ဆွန်းမွေးနေ့ပွဲနဲ့တိုက်ဆိုင်ပြီး ပြုံယမ်းကို လာခွင့်ပေးထားတဲ့ နိုင်ငံတကာ သတင်းထောက်တွေကိုလည်း မြောက်ကိုရီးယား အရာရှိတွေက သူတို့ရဲ့ တင်းမာတဲ့ ရပ်တည်ချက်ကိုပဲ ပြောခဲ့ပါတယ်။ ထရမ့် အစိုးရဟာ မြောက်ကိုရီးယား ပျက်သုဉ်းအောင် ပြုမူ နေပြီး၊ အဲဒီ ရန်လိုမှုတွေကို လက်ဦးမှု ယူပြီး အရင်တိုက်မယ်၊ နျူကလီးယား လက်နက်နဲ့ တိုက်မယ်လို့ မြောက်ကိုရီးယား နိုင်ငံခြားရေး ဒုဝန်ကြီး ဟန်ဆန်ယိုးလ်က ပြောထားပါတယ်။

သူပြောသလို တကယ်ပဲ အမေရိကန်အထိ ပစ်နိုင်တဲ့ နျူလက်နက် မြောက်ကိုရီးယားမှာ ရှိနေပြီလား ဆိုတာကတော့ အသေအချာ မသိရပါဘူး။ အဲဒီအခြေအနေအထိ အရောက်မခံဘူးလို့လည်း သမ္မတထရမ့်က ပြောထားသလို အခု ရက်ပိုင်းတွေ အတွင်းမှာ သမ္မတထရမ့်ဟာ စစ်ရေးကို ပိုသုံးလာတာတွေ့ရတော့ စိုးရိမ်စရာလည်း ဖြစ်စေပါတယ်။ ဆီးရီးယားကို ဒုံးပျံတွေနဲ့ ပစ်ပြီး တိုက်တာရယ်၊ အာဖဂန်နစ္စတန်မှာ အိုင်အက်စ် ပစ်မှတ်ကို အကြီးဆုံး ဗုံးကြီးကြဲချခဲ့တာရယ်ကို ကြည့်ပြီး မြောက်ကိုရီးယားကိုရော ဝင်တိုက်မလားလို့ စိုးရိမ်စရာဖြစ်ပါတယ်။

အမေရိကန်ကရော တိုက်မှာလား

စစ်ဖက်ရေးရာသုတေသီ လည်းဖြစ် Defence One ဝက်ဆိုက် အယ်ဒီတာလည်း ဖြစ်သူ ကယ်ဗင် ဘာရင်ကတော့ မလုပ်လောက်သေးဘူးလို့ ယူဆပါတယ်။

အဆိုးဆုံးကတော့ မြောက်ကိုရီးယားက ပြန်ပစ်မယ့် ဒုံးကျည်တွေ အိမ်နီးချင်း တောင်ကိုရီးယားကို ဗုံးမိုးကြဲသလို ကျလာပြီး လူတွေ အများကြီးသေရမယ်၊ တောင်ကိုရီးယားမှာ ရှိနေတဲ့ အမေရိကန်စစ်စခန်းက စစ်သားတွေလည်း ထိခိုက်သေကြေနိုင်လို့ ဒီနည်းလမ်းကို သုံးဖို့ မသေချာဘူးလို့ သူယူဆတဲ့အကြောင်း ပြောပါတယ်။

ဒါပေမယ့် အမေရိကန်မှာရော မြောက်ကိုရီးယားမှာပါ လက်ရှိခေါင်းဆောင် နှစ်ယောက်စလုံးဟာ သူတို့ ထင်ရာ လုပ်တတ်သူတွေ ဖြစ်နေကြပြီး နှစ်ယောက်စလုံးကလည်း တစ်ယောက်ကို တစ်ယောက်အနိုင်ယူပြမယ်လို့ ကြုံးဝါးနေကြသူတွေ ဖြစ်တဲ့ အတွက် တရုတ်တို့ဖက်က စိုးရိမ်မှုဟာ အများကြီး သဘာဝကျနေတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ