ကင်အီဆွန်းမွေးနေ့ပွဲမှာ မြောက်ကိုရီးယားက လက်နက်သစ်တွေ ပြသ

  • 15 ဧပြီ 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption စစ်ကို စစ်နဲ့ တုန့်ပြန်ပြီး နျူးကလီးယားဆိုရင်လည်း ကျနော်တို့ရဲ့ နျူးကလီးယား နဲ့ ပြန်တိုက်မှာပါလို့ မစ္စတာ ချိုယောင်ဟယ်က ပြောဆိုခဲ့

မြောက်ကိုရီးယားနိုင်ငံမှာ နိုင်ငံထူထောင်ခဲ့တဲ့ ခေါင်းဆောင်ကင်အီဆွန်းရဲ့ ၁၀၅ နှစ် ပြည့် မွေးနေ့ကို ဆင်နွှဲ ကျင်းပခဲ့ပြီး ရေငုပ်သင်္ဘောက ပစ်နိုင်တဲ့ ဒုံးကျည်သစ် အပါအဝင် တခြားလက်နက်တွေကိုလည်း မြို့တော်တွင်း ချီတက်ပွဲတွေမှာ ထုတ်ဖော် ပြသခဲ့ ပါတယ်။

ဒီစစ်ရေးပြချီတက်ပွဲအတွင်း ပြသခဲ့တဲ့ လက်နက်တွေထဲမှာ မိုင် ၆၀ဝ အထိ ပစ်ခတ်နိုင်တဲ့ တိုက်ချင်းပစ် ဒုံးပျံတွေလည်းပါဝင်သလို ကျွမ်းကျင်သူတွေရဲ့ အပြောအရ တိုက်ချင်းပစ် ဒုံးကျည်အမျိုးအစား အသစ် ၂ ခုလည်း တွေ့မြင်ခဲ့ရပါတယ်။

နိုင်ငံထူထောင်တဲ့ သမ္မတ ကင်အီဆွန်းရဲ့ အသက် ၁၀၅ နှစ် ပြည့် မွေးနေ့အထိန်းအမှတ်အဖြစ် စစ်လေယာဉ် ၁၀၅ စင်းကိုလည်း ကောင်းကင်မှာ ပျံဝဲပြခဲ့ပါတယ်။

အခုလို ချီတက်ပွဲတွေ အတွင်းမှာ မြောက်ကိုရီးယားဘက်က ကိုရီးယားအလုပ်သမားပါတီ အတွင်းရေးမှူးလည်းဖြစ် ဗဟိုစစ်ကော်မတီ ဒုဥက္ကဌလည်း ဖြစ်တဲ့ မစ္စတာ ချိုယောင်ဟယ်က အမေရိကန်ကို အခုလို ခြိမ်းခြောက်ခဲ့ပါတယ်။

'တဖက်ကလည်း စစ်ကုန်ဖွင့်လာရင် ကျနော်တို့ကလည်း စစ်ကုန်ဖွင့်မှာပါ။ တဖက်က နျူးကလီးယားဆိုရင်လည်း ကျနော်တို့ကလည်း ကိုယ်ပိုင် နျူးကလီးယား နဲ့ ပြန်တိုက်မှာပါ' လို့ မစ္စတာ ချိုယောင်ဟယ်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားမှာ နျူးကလီးယား ထိပ်ဖူးတပ် ဒုံးကျည်တွေအထိ ရှိမရှိ ဆိုတာကတော့ သေသေချာချာ မသိရသေးပါဘူး။

ဒါပေမယ့် မြောက်ကိုရီးဘက်ကတော့ အခုလို နျူးကလီးယား တပ်ဆင်နိုင်တဲ့ ဒုံးကျည်တွေ ထုတ်လုပ်ပြီး ကမ္ဘာအနှံ့ပစ်ခတ်နိုင်ဖို့ ရည်ရွယ်နေတာ ဖြစ်ပါတယ်။

ဒီလို နျူးကလီးယားလက်နက် အောင်မြင်ဖို့အတွက်လည်း နျူးကလီးယားဗုံးကို ငါးကြိမ်အထိ စမ်းသပ်ခဲ့ပြီး ဖြစ်ပါတယ်။

မြောက်ကိုရီးယားဟာ နိုင်ငံတကာ ကန့်ကွက်နေတဲ့ကြားက ဒီလ အစောပိုင်းမှာ တိုက်ချင်းပစ် ဒုံးပျံတခု ထပ်မံ စမ်းသပ်ခဲ့လို့ ပြီးခဲ့တဲ့ အပတ်က အမေရိကန်က ရေတပ်သင်္ဘောအုပ်စု တစု ကိုရီးယား ကျွန်းဆွယ်ကို စေလွှတ်ခဲ့ပြီး တရုတ်ဘက်က အခြေအနေကို မထိန်းနိုင်ရင် အမေရိကန်ကိုယ်တိုင် ကိုယ်တွယ်သွားမယ်လို့ သမ္မတ ထရမ့်က ခြိမ်းခြောက်တဲ့အထိ အခြေအနေတွေ တင်းမာနေခဲ့တာ ဖြစ်ပါတယ်။

လတ်တလောမှာလည်း အမေရိကန်က ဆီးရီးယားနဲ့ အာဖဂန်မှာ အားပြင်းလက်နက်တွေနဲ့ တိုက်ခိုက်ပြီးကာစ ဖြစ်နေတဲ့အပြင် မြောက်ကိုရီးယားဘက်ကလည်း နျူးကလီးယားဗုံးထပ်စမ်းလိမ့်ဦးမယ်ဆိုတဲ့ ခန့်မှန်းချက်တွေကြောင့် လက်နက်ကိုင် ပဋိပက္ခ ဖြစ်ဖို့ အလားအလာတွေ ပိုပြီး တိုးပွားလာနေပါတယ်။

အခုလို အခြေအနေတင်းမာမှုတွေကို တတ်နိုင်သမျှ မြန်မြန်ဖြေရှင်းဖို့အတွက် ရုရှားနဲ့ ပူးပေါင်းလုပ်ဆောင်သွားမယ်ဆိုပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ရီက ရုရှားနိုင်ငံရေးဝန်ကြီးနဲ့ ဖုန်းဆက် စကားပြောခဲ့သေးတယ်လို့လည်း သိရပါတယ်။

မစ္စတာ ဝမ်ရီဟာ အစောပိုင်းမှာလည်း ဒီကိုရီးယား ကျွန်းဆွယ် ပဋိပက္ခကြီးလာခဲ့ရင် ဘယ်သူ့မှာမှ အကျိုးမရှိပဲ အားလုံး ပျက်စီးကုန်ကြလိမ့်မယ်လို့ သတိပေးထားခဲ့ပါတယ်။

အမေရိကန် ထိပ်တန်းအရာရှိတွေကို ကိုးကားထားတဲ့ အေပီသတင်းတွေ အရကတော့ အမေရိကန်ဟာ လောလောဆယ်မှာ မြောက်ကိုရီးယားကို စစ်ရေးအင်အားသုံးတာထက် တရုတ်ကတဆင့် ဖိအားပေးသွားဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ