ကိုလံဘိုအမှိုက်ပုံ ပြိုမှု သေသူ ၁၆ ယောက်ရှိ

  • 15 ဧပြီ 2017
ဓာတ်ပုံ မူပိုင် AFP/Getty Images
Image caption လောလောဆယ်မှာတော့ ဒီအမှိုက်ပုံမှာ အမှိုက်ဆက်ပစ်ခွင့် မပေးတော့ဘူးလို့ အစိုးရ ကြေညာထား

သီရိလင်္ကာနိုင်ငံရဲ့ မြို့တော် ကိုလံဘိုရဲ့ ဆင်ခြေဖုံးအရပ်မှာရှိတဲ့ ဧရာမ အမှိုက်ပုံ ပြိုကျမှုကြောင့် သေဆုံးရသူ အရေအတွက် ၁၆ ယောက် ရှိသွားပြီလို့ ကယ်ဆယ်ရေးလုပ်နေတဲ့ အစိုးရ စစ်တပ်က ပြောပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့မှာ အဲဒီအမှိုက်ပုံ အနီးနားမှာ နေထိုင်ကြသူတွေက တမီလ်နဲ့ ဆင်ဟာလာ နှစ်သစ်ကူး ပွဲတော် ဆင်နွှဲနေတဲ့ အချိန်မှာပဲ တန်နဲ့ ချီတဲ့ ပုပ်ပွနေတဲ့ အမှိုက်တွေက အိမ်ခြေ တရာကျော်လောက်ရဲ့ အပေါ်ကို ဖုံးလွှမ်းသွားခဲ့တာ ဖြစ်ပါတယ်။

အခုလို ပေ ၃၀ဝ လောက်မြင့်တဲ့ အမှိုက်ပုံ ပြိုကျမှုဟာ လတ်တလော မီးလောင်မှုနဲ့ မိုးကြီးမှုတွေကြောင့် ဖြစ်ပြီး ရာနဲ့ချီတဲ့ အစိုးရစစ်သားတွေက အသက်ရှင်ကျန်ရစ်သူတွေကို ဆက်လက် ရှာဖွေမှုတွေ ပြုလုပ်နေပါတယ်။

ကိုလွန်နာဝါ အရပ်မှာရှိတဲ့ ဒီအမှိုက်ပုံမှာ အမှိုက်တန်ချိန် ၂၃ သန်းလောက် ရှိနိုင်ပြီး ဒီအမှိုက်ပုံ ရှင်းလင်းရေး ကိစ္စအတွက် နိုင်ငံတွင်း ပါလီမန်မှာ တင်ပြခဲ့ဖူးပေမယ့် အခုအချိန်အထိ မရှင်းလင်းရသေးပဲ ဖြစ်နေတာပါ။

လောလောဆယ်မှာတော့ ဒီအမှိုက်ပုံမှာ အမှိုက်ဆက်ပစ်ခွင့် မပေးတော့ဘူးလို့ အစိုးရ ကြေညာထားပါတယ်။