တရုတ်နဲ့ နီပေါ ပထမဆုံး စစ်ရေးလေ့ကျင့်

  • 16 ဧပြီ 2017
ဓာတ်ပုံ မူပိုင် Getty Images
Image caption ဒီလေ့ကျင့်မှုဟာ အိမ်နီးချင်း အိန္ဒိယနိုင်ငံကို စိုးရိမ်ပူပန်မှုတွေလည်း ဖြစ်စေနိုင်

တရုတ်ပြည်သူ့သမ္မတနိုင်ငံနဲ့ နီပေါနိုင်ငံတို့ဟာ နှစ်နိုင်ငံအကြား ပထမဆုံး စစ်ရေးလေ့ကျင့်မှုကို စတင် ပြုလုပ်လိုက်ပါတယ်။

ဒီစစ်ရေးလေ့ကျင့်မှုကို နီပေါမြို့တော် ခေတ္တမန္ဒုမြို့နားမှာရှိတဲ့ စစ်စခန်းတခုမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ဆယ်ရက်ကြာမြင့်မယ့် ဒီလေ့ကျင့်မှုကို လက်ခံပြုလုပ်တဲ့ နီပေါနိုင်ငံကတော့ ဒါဟာ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးကို ရည်ရွယ်တယ်လို့ ပြောဆိုထားပေမယ့် ဒီလေ့ကျင့်မှုဟာ အိမ်နီးချင်း အိန္ဒိယနိုင်ငံကို စိုးရိမ်ပူပန်မှုတွေလည်း ဖြစ်စေနိုင်ပါတယ်။

အိန္ဒိယနိုင်ငံဟာ ဟိမဝန္တာဒေသက နီပေါနိုင်ငံကို တရုတ်ထက် အများကြီးပိုပြီး နိုင်ငံရေးအရရော ယဉ်ကျေးမှုအရပါ လွှမ်းမိုးမှု ရှိနေတဲ့ နိုင်ငံဖြစ်ပါတယ်။

ဒါပေမယ့် တဖက်မှာလည်း တရုတ်နိုင်ငံက အိန္ဒိယထက် နီပေါမှာ စီးပွားရေး ရင်းနှီးမြုပ်နှံမှုတွေ ပိုလုပ်နေပြီး အထူးသဖြင့် လိုအပ်နေတဲ့ စီးပွားရေးတိုးတက်ရေးမှာ အရေးပါတဲ့ အဆောက်အအုံတွေ ဆောက်လုပ်မှုမှာ ပိုပြီး ရင်းနှီးမြုပ်နှံနေတာ ဖြစ်ပါတယ်။