ပဋိပက္ခတွေပြန့်တာရပ်ဖို့ ကမ္ဘာ့ခေါင်းဆောင်တွေကို ပုပ်ရဟန်းမင်း တိုက်တွန်း

  • 16 ဧပြီ 2017
ဓာတ်ပုံ မူပိုင် AFP
Image caption ပုပ်ရဟန်းမင်းကြီးဟာ အရှေ့အလယ်ပိုင်း၊ အာဖရိကနဲ့ ကမ္ဘာတလွှားက ပဋိပက္ခဖြစ်တဲ့ နေရာတွေမှာ ငြိမ်းချမ်းရေး ရဖို့အတွက်ကိုလည်း ဆုတောင်းခဲ့

ကမ္ဘာ့ခေါင်းဆောင်တွေ အနေနဲ့ ပဋိပက္ခတွေ ပြန့်နှံ့နေတာကို ရပ်ဆိုင်းရာမှာ သတ္တိရှိရှိလုပ်ဖို့လိုပြီး လက်နက်ရောင်းဝယ်မှုတွေကိုလည်း ရပ်ကြဖို့လိုကြောင်း ပုပ်ရဟန်းမင်းကြီး ဖရန်စစ် က ပြောဆိုလိုက်ပါတယ်။

ပုပ်ရဟန်မင်းကြီးရဲ့ အီစတာ တနင်္ဂနွေနေ့မှာ ပြောဆိုနေကျဖြစ်တဲ့ 'ဗာတီကန်မြို့နဲ့တကွ ကမ္ဘာသူ ကမ္ဘာသားတွေကို ရည်စူးတဲ့ သြဝါဒ' လို့ အမည်ရတဲ့ မိန့်ခွန်းထဲမှာ ဆီးရီးယားက အရပ်သားတွေ ကြုံနေရတဲ့ ပြည်တွင်းစစ် ဒုက္ခဆိုးတွေကိုလည်း ထည့်သွင်း ပြောဆိုလိုက်ပြီး အထူးသဖြင့် စနေနေ့က ဖြစ်ပွားခဲ့တဲ့ ဆီးရီးယား အရပ်သား ကယ်ဆယ်ရေး ယာဉ်တန်း တိုက်ခိုက်ခံရမှုကိုလည်း ထွက်ပြေးနေရတဲ့ ဒုက္ခသည်တွေကို ရက်ရက်စက်စက် ကျူးလွန်မှုအဖြစ် ရည်ညွှန်းပြောဆိုခဲ့ပါတယ်။

ခရစ်ယာန်တို့ရဲ့ အီစတာ အထိမ်းအမှတ် ဆင်နွှဲဖို့အတွက် အီတလီနိုင်ငံ ရောမမြို့က စိန့်ပီတာ ရင်ပြင်ကို လူတွေ ထောင်ချီရောက်ရှိခဲ့ပြီး အဲဒီ ပရိတ်သတ်တွေကို ပုပ်ရဟန်းမင်းကြီးက အီစတာ သြဝါဒ မိန့်ခွန်းပြောခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် EPA
Image caption ခရစ်ယာန်ဘာသာဝင်တွေက အီစတာ တနင်္ဂနွေအဖြစ် စုဝေးကြတဲ့ ပွဲဟာ ခရစ်တော် ယေရှုက ပြန်လည် ရှင်သန် ထမြောက်လာတဲ့နေ့ကို ဂုဏ်ပြုတဲ့ ပွဲ ဖြစ်ပါတယ်။

ပုပ်ရဟန်းမင်းကြီးဟာ အရှေ့အလယ်ပိုင်း၊ အာဖရိကနဲ့ ကမ္ဘာတလွှားက ပဋိပက္ခဖြစ်တဲ့ နေရာတွေမှာ ငြိမ်းချမ်းရေး ရဖို့အတွက်ကိုလည်း ဆုတောင်းခဲ့ပါတယ်။

ပုပ်ရဟန်းမင်းရဲ့ အစောပိုင်း ပြောဆိုမှုတွေမှာလည်း လက်ရှိ ရွှေ့ပြောင်းသွားလာနေရတဲ့ ဒုက္ခသည်တွေရဲ့ ပြဿနာတွေကို ပြောဆိုခဲ့ပြီး သူတို့ရဲ့ အခက်အခဲ ပြေလည်ရေးမှာ အစိုးရဌာနဆိုင်ရာ အဆင့်ဆင့်ရဲ့ အတည်ပြုမှု လိုအပ်တဲ့ ဗျူရိုကရက်ဆန်မှုတွေကြောင့်လည်း ဒုက္ခသည်တွေ အခက်အခဲဖြစ်နေရတယ်လို့ ပြောဆိုခဲ့ပါတယ်။

ခရစ်ယာန်ဘာသာဝင်တွေက အီစတာ တနင်္ဂနွေအဖြစ် စုဝေးကြတဲ့ ပွဲဟာ ခရစ်တော် ယေရှုက ပြန်လည် ရှင်သန် ထမြောက်လာတဲ့နေ့ကို ဂုဏ်ပြုတဲ့ ပွဲလည်း ဖြစ်ပါတယ်။