မြောက်ကိုရီးယား အရေး တရုတ်နဲ့ ကန် ပူးပေါင်းဆောင်ရွက်မယ်

  • 17 ဧပြီ 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption မြောက်ကိုရီးယားရဲ့ လုပ်ရပ်တွေက ခြိမ်းခြောက်မှု အဖြစ် တရုတ် နိုင်ငံ ကလည်း လက်ခံ

မြောက်ကိုရီးယား နိုင်ငံက နျူကလီးယား လက်နက် နဲ့ ခြိမ်းခြောက် မှုတွေ လုပ်နေ ကြောင်း ကမ္ဘာ့ နိုင်ငံ အတော်များများ က လက်ခံ ထားကြကြောင်း အမေရိကန် သမ္မတ ရဲ့ အမျိုးသား လုံခြုံရေး ဆိုင်ရာ အကြံပေးက ပြောပါတယ်။

အခုဆိုရင် မြောက်ကိုရီးယားရဲ့ လုပ်ရပ်တွေက ခြိမ်းခြောက်မှု အဖြစ် တရုတ် နိုင်ငံ ကလည်း လက်ခံ ခဲ့ကြောင်း အမျိုးသား လုံခြုံရေး အကြံပေး မက် မက်စတာ က ပြောပါတယ်။

ဒါ့ အပြင် ဧပြီလ ၁၆ရက်နေ့ က လုပ်ခဲ့တဲ့ မအောင်မမြင် ဖြစ်ခဲ့ရတဲ့ မြောက်ကို ရီးယား နိုင်ငံရဲ့ ဒုံးကျည် စမ်းသပ်မှု ဟာလည်း ဒေသတွင်းမှာ မတည် မငြိမ် ဖြစ်အောင် အကြိမ်ကြိမ် ရန်စ တဲ့ လုပ်ရပ် ဖြစ်ကြောင်း၊ ဒီလုပ်ရပ်တွေ ဆက်လက် ဖြစ်ပွားမှာ ကို လက်မခံ နိုင်ဘူးလို့ ပြောပါတယ်။

ပြီးတော့ မြောက်ကိုရီးယား ရဲ့ နျူကလီးယား နဲ့ ခြိမ်းခြောက်မှုတွေ ရပ်တန့် ရေး အတွက် တရုတ် နဲ့ အမေရိကန် ပူးပေါင်း ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့လည်း မက် မက်စတာ က ပြောပါတယ်။

မြောက်ကိုရီးယား နိုင်ငံရဲ့ အဓိက မဟာမိတ် ဖြစ် တဲ့ တရုတ် နိုင်ငံ နဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ ရှိကြောင်း ပြီးခဲ့တဲ့ ရက်တွေတုန်း က အမေရိကန် သမ္မတ က ထုတ်ဖော် ပြောကြား ထားပါတယ်။