တူရကီ ဆန္ဒခံယူပွဲ သမ္မတ အလိုရှိသလို အဖြေထွက်

  • 17 ဧပြီ 2017
ဓာတ်ပုံ မူပိုင် AFP
Image caption ဆန္ဒခံယူပွဲ ရလဒ် ကို မကျေနပ်လို့ ဆန့်ကျင်မှုတွေ ဖြစ်ပွား

တူရကီ နိုင်ငံ မှာ အခြေခံ ဥပဒေ ပြောင်းလဲရေး အတွက် လူထုဆန္ဒ ခံယူတဲ့ ရွေးကောက်ပွဲ ကျင်းပရာ မှာ ပြောင်းလဲရေး အတွက် ထောက်ခံ တဲ့ မဲ အရေအတွက် က အသာစီးနဲ့ အနိုင် ရကြောင်း သမ္မတ ရီဂျက်ပ် တိုင်ယစ်ပ် အာဒိုဝန် က ကြေညာရင်း ဒါဟာ တူရကီရဲ့ သမိုင်းဝင် ပြောင်းလဲမှု တရပ် လို့ အီစတန်ဘူလ် က သတင်းစာ ရှင်းလင်းပွဲ မှာ ပြောပါတယ်။

အခုလို အခြေခံ ဥပဒေ ပြောင်းလဲရေး အတွက် ပြည်သူတွေ က တခဲနက် ထောက်ခံ မဲပေးခြင်း ဟာ သာမန် ပြောင်းလဲမှု တရပ် မဟုတ်ပါဘူး။ အရင် က ဆိုရင် ဥပဒေတခု ပြောင်းလဲဖို့ အရေး ကို ပါလီမန် က ဆုံးဖြတ်တာပါ။ အခုတော့ ပြည်သူတွေ က ပါလီမန် က တဆင့် ပြောင်းလဲတာ ကို မလိုလားတဲ့ အကြောင်း ပထမဆုံး သက်သေပြလိုက်ပြီ ဖြစ်တဲ့ အတွက် သမိုင်းဝင် ပြောင်းလဲမှု ဖြစ်သွားပါပြီ လို့ လည်း ပြောကြားခဲ့ပါတယ်။

ရွေးကောက်ပွဲ ဘုတ် အဖွဲ့ က လည်း ထောက်ခံတဲ့ မဲ နိုင်တဲ့ အကြောင်း အတည်ပြု လိုက်ပါပြီ။

အခုလို အခြေခံ ဥပဒေ ပြောင်းလဲခွင့် ရသွားတဲ့ အကျိုးဆက် အရ သမ္မတ မှာ အထူး အာဏာတွေ ပိုမို အသုံးချခွင့် ရမှာပါ။ အစိုးရ အဖွဲ့ ခန့်ပိုင်ခွင့်၊ ထိပ်တန်း တရားသူကြီးတွေ ခန့်အပ်ခွင့်၊ ပါလီမန် ကို ဖျက်သိမ်းခွင့် စတာတွေ ပါဝင်ပါတယ်။ ဝန်ကြီးချုပ် ရာထူး ကိုလည်း ပယ်ဖျက် နိုင်မှာ ဖြစ်ပြီး သမ္မတ ရဲ့ လက်ထဲ မှာပဲ အာဏာ အပြည့်အဝ ရှိစေမှာပါ။

သမ္မတ ရဲ့ ငါးနှစ် သက်တမ်း ကိုလည်း နှစ်ကြိမ် တိုင် အုပ်ချုပ်ပိုင်ခွင့် ပေးမှာမို့ အာဏာရှင် စနစ်ဆီ ဦးတည်နေပြီ လို့ အတိုက်အခံ ပါတီ တွေ ဘက် က ပြောသလို အဓိက အတိုက်အခံပါတီ စီအိတ်ရှ်ပီ က ဒုဥက္ကဌ အဲဒါလ် အက်စွန်းဂါး က တော့ ထောက်ခံမဲတွေ ရအောင် မဲမသမာမှု တွေ ရှိပါတယ်။ ဒါကြောင့် မို့ အခုဆိုရင် နိုင်ငံတော် အစိုးရ က တဖက်၊ ပြည်သူလူထု က တဖက် ဖြစ်သွားပါပြီ၊ နိုင်ငံ အတွက် ဘေးအန္တရာယ် ကျရောက်စေမဲ့ အနေအထား ရှိတယ်လို့ ဆိုပါတယ်။

သမ္မတ အာဒိုဝန် ကတော့ အခြေခံ ဥပဒေ အပြောင်းအလဲ လိုအပ်နေခြင်းက တူရကီ ဟာ လုံခြုရေး ဆိုင်ရာ ချိန်းခြောက်ခံရမှု နဲ့ အားအင်ချိနဲ့တဲ့ ညွန့်ပေါင်း အစိုးရ ဖွဲ့ရမှု တွေ လည်း ရှောင်ကျဉ် နိုင်ပြီမို့ ဒီအုပ်ချပ်ရေး စနစ်သစ် ဟာ ပြင်သစ်နဲ့ အမေရိကန် လို အုပ်ချုပ်ရေး စနစ် လို့ လည်း ပြောပါတယ်။