တူရကီ အတိုက်အခံတွေ ဆန္ဒခံယူပွဲ ရလဒ်ကို ကန့်ကွက်

  • 17 ဧပြီ 2017
Image caption ဗုတ်နိုးသမားတွေရဲ့ ဆန္ဒပြပွဲ

တူရကီ နိုင်ငံမှာ တနင်္ဂနွေနေ့က ပြုလုပ်ခဲ့တဲ့ လူထု ဆန္ဒ ခံယူပွဲ ကနေ သမ္မတ ရာဂျစ် တိုင်ရိ(ပ) အာဒိုအန် အပေါ် အာဏာတွေ ပိုမို အပ်နှင်းဖို့ ဘက်က အနိုင်ရ သွားတဲ့ ရလဒ်ကို ပယ်ဖျက် ပေးဖို့ အဓိက အတိုက်အခံ ပါတီ ဖြစ်တဲ့ CHP က ရွေးကောက်ပွဲ ကော်မရှင်ကို တောင်းဆို နေပါတယ်။

ဆန္ဒခံယူပွဲ အတွင်း မဲ မသမာမှုတွေ ရှိခဲ့တယ် ဆိုတဲ့ သတင်းတွေ ရရှိ နေတဲ့ အတွက် ဥပဒေကြောင်း အရ ပြေလည်စေဖို့ ဆိုရင် ရလာဒ်ကို ပယ်ဖျက်တာက လွဲပြီး တခြားနည်း မရှိဘူးလို့ CHP ပါတီရဲ့ ဒုတိယ ဥက္ကဋ္ဌ ဗျောလဲန့် တာ့ဇ်ဂျန်းက ဆိုပါတယ်။

သမ္မတကို လုပ်ပိုင်ခွင့်တွေ ပိုပြီး မပေးဖို့ အစ္စတန်ဘူလ် အပါအဝင် မြို့ကြီး ၃ မြို့မှာ အဖြေထွက် ခဲ့ပေမယ့် စုစုပေါင်း ရလဒ်တွေ အရ ၅၁% က သမ္မတဘက်ကို အလေးသာခဲ့တယ် ဆိုပြီး ရွေးကောက်ပွဲ ကော်မရှင်က ကြေညာ ထားပါတယ်။

သမ္မတ အာဒိုအန် အနေနဲ့ နိုင်ငံရေး အတိုက်အခံတွေနဲ့ ကြားမှာပါ ပိုပြီး ကျယ်ပြန့်တဲ့ သဘောတူမှုတွေ ရယူဖို့ ဥရောပ သမဂ္ဂက တိုက်တွန်း နေပါတယ်။

ဩစတြီးယား နိုင်ငံခြားရေး ဝန်ကြီး ဇေဘတ်စ်ယန် ခေါ့ဇ်ကဆိုရင် ဥရောပ သမဂ္ဂထဲ တူရကီ ပါဝင်ရေး အိပ်မက် အဆုံးသတ် သင့်ပြီလို့ ပြောဆို ခဲ့ပါတယ်။

သူတို့ တိုင်းပြည်ကို ပိုမို ခိုင်မာ တောင့်တင်းလိုတဲ့ တူရကီ ပြည်သူတွေရဲ့ သဘောထားကို အခု ဆန္ဒ ခံယူပွဲ ရလဒ်က ထင်ဟပ် နေတယ် ဆိုပြီး ပါကစ္စတန် ကတော့ ပြောပါတယ်။