တောင်ကိုရီးယားမှာ ဒုံးခွင်းဒုံးတွေ အမြန်ဆုံး နေရာချမယ်

  • 17 ဧပြီ 2017
Image caption မြောက်ကိုရီးယားအပေါ် သည်းခံ စိတ်ရှည်ရမယ့် အချိန် ကုန်သွားပြီ

အမေရိကန်ရဲ့ လေကြောင်းရန် ကာကွယ်ရေး စံနစ် တောင်ကိုရီးယား နိုင်ငံတလွှား အမြန်ဆုံး နေရာ ချထားဖို့ ၂ နိုင်ငံ သဘောတူလိုက် ကြပါတယ်။

သာ့ဒ် THAAD လို့ အတိုကောက် ခေါ်တဲ့ အဲဒီ ဒုံးခွင်းဒုံး စံနစ်ဟာ မြောက်ကိုရီးယားရဲ့ ဒုံးကျည်တွေ ဝင်လာရင် ပစ်ချဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။

တောင်ကိုရီးယားကို ရောက်လာတဲ့ အမေရိကန် ဒုသမ္မတ မိုက်ခ်ပင့်စ်နဲ့ ဆွေးနွေးခဲ့ အပြီး တောင်ကိုရီးယား ယာယီ သမ္မတ ဝှမ် ဂျိုး-အန်က လေကြောင်းရန် ကာကွယ်ရေး စံနစ်ကို မူလ အစီအစဉ်ထက် ပိုစောပြီး နေရာချမယ်လို့ ကြေညာလာတာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားအပေါ် သည်းခံ စိတ်ရှည်ရမယ့် အချိန် ကုန်သွားပြီလို့ အမေရိကန် ဒုသမ္မတက ပြောပါတယ်။

ဒီ ဒုံးခွင်းဒုံး စံနစ်ဟာ တရုတ်နိုင်ငံကိုပါ ခြိမ်းခြောက်မှု ပေးနိုင်တယ် ဆိုပြီး တရုတ် အစိုးရကတော့ ကန့်ကွက် နေပါတယ်။

မြောက်ကိုရီးယား ကတော့ ပြီးခဲ့တဲ့ တနင်္ဂနွေ နေ့က တာဝေးပစ် ဒုံးကျည် စမ်းသပ်ရုံမက၊ စစ်ရေး အင်အားပြ အခမ်းအနားလည်း အကြီးအကျယ် ပြုလုပ် ခဲ့ပါတယ်။

မြောက်ကိုရီးယားရဲ့ နျူကလီယာ စမ်းသပ်တဲ့ နေရာတွေမှာ ရှိနေတဲ့ လှုပ်ရှားမှုတွေ အရ မကြာခင်မှာပဲ နျူကလီယာ လက်နက် စမ်းသပ်တာ ခြောက်ကြိမ်မြောက် ပြုလုပ် လာနိုင်တယ်လို့ လေ့လာသူတွေက ပြောနေပါတယ်။