ကန် က စစ်ပြင်ပြီ ဆိုတာ နဲ့ နျူနဲ့ တိုက်မယ်လို့ မြောက်ကိုရီးယားပြော

  • 17 ဧပြီ 2017
ဓာတ်ပုံ မူပိုင် AFP
Image caption ထိပါးတာနဲ့ တန်ပြန် တိုက်ခိုက်မှု ကို လက်ဦးမှု ရအောင် တုံ့ပြန်မဲ့ အကြောင်း လည်း ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး ဟန်ဆင်းဂ် ယားလ် က ပြော

အမေရိကန် က တိုက်ခိုက်မှုတွေ လုပ်ဖို့ စစ်ရေး ပြင်ဆင်မှုတွေ လုပ်ပြီ ဆိုတာနဲ့ လက်ဉီးမှု ရအောင် နျူကလီးယား လက်နက်နဲ့ တိုက်ခိုက် သွားမယ်လို့ မြောက်ကိုရီးယား အစိုးရ ထိပ်တန်း ခေါင်းဆောင် တစ်ဉီး က ပြောပါတယ်။

နိင်ငံတကာ သတင်း ကတော့ မြောက်ကိုးရီးယား အစိုးရ ရဲ့ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး ဟန်ဆင်းဂ် ယားလ် နဲ့ ဘီဘီစီ သတင်းထောက် ဂျွန်ဆာဒ်ဝေါ့သ် တို့ တွေ့ဆုံ မေးမြန်းခွင့် ရတဲ့ အခါမှာ မြောက်ကိုးရီးယား အစိုးရ ရဲ့ သဘောထား ကို ပြတ်ပြတ်သားသားပဲ သတိပေး စကား ပြောသွားတာပါ။

အမေရိကန် နဲ့ မြောက်ကိုးရီးယား အကြား ဖြစ်ပွားနေတဲ့ တင်းမာမှု ကို အမေရိကန် ဘက် က စစ်ရေးအရ မဆင်မခြင် အသုံးပြုမယ် ဆိုရင်တော့ ကျနော်တို့ဘက် ကလည်း ချက်ချင်း မီးကုန် ယမ်းကုန် တုံ့ပြန်ဖို့ အသင့်ပါပဲ။

ကျနော်တို့ လက်ဝယ်ရှိတဲ့ နျူကလီးယား လက်နက်တွေ ဟာ ဒီချိန်းခြောက်မှု တွေ ကို အကာအကွယ်ပေးမှာပါ။ ကျနော်တို့ ဘက်ကလည်း ဒုံးကျည် စမ်းသပ် ပစ်လွှတ်မှုတွေ ကို သီတင်းပတ်တိုင်း၊ လတိုင်းနှစ်တိုင်း မှန်မှန် လုပ်သွားမှာပဲ လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့်မို့ အမေရိကန် သမ္မတ ထရမ့် အနေနဲ့ မြောက်ကိုးရီးယား ရဲ့ အချုပ်အချာ ပိုင်နက် ကို ထိပါးတာနဲ့ တန်ပြန် တိုက်ခိုက်မှု ကို လက်ဦးမှု ရအောင် တုံ့ပြန်မဲ့ အကြောင်း လည်း ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး ဟန်ဆင်းဂ် ယားလ် က ပြောပါသေးတယ်။

မြောက်ကိုးရီးယား ဟာ တာဝေးပစ် နျုကလီးယား ထိပ်ဖူးတပ် ဒုံးလက်နက်တွေ ကို အမေရိကန် အပါအဝင် ကမ္ဘာ့ နိုင်ငံ တွေ ဘက် ပစ်မှတ် ထား ရည်ရွယ် ထားတာပါ။ ဒါပေမဲ့ သမ္မတ ထရမ့် ကလည်း ဒါဟာ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး လို့ ဆိုယင်း သူ့ဘက် က စစ်ပြင်ဆင်မှု တွေ လည်း လုပ်နေပါပြီ။

ကိုးရီးယား ကျွန်း ဆွယ်ဘက်ဆီ ကို အမေရိကန် ရေတပ် စေလွှတ်လိုက်ပြီ ဖြစ်သလို တောင်ကိုးရီး ဘက်မှာလည်း ဒုံးကျည် ကြိုတင် ကာကွယ်ရေး စနစ် ပြင်ဆင် နေပါပြီ။

မြောက်ကိုးရီးယား ဘက်ကလည်း လက်မနှေးပါဘူး။ ပြီးခဲ့တဲ့ တနင်္ဂနွေ က ပစ်လွှတ်တဲ့ ဒုံးကျည် က လွှတ်တင် လိုက်တာနဲ့ ပေါက်ကွဲ သွားပေမဲ့ ခြောက်ကြိမ်မြောက် နျူကလီးယား ဒုံးကျည် ကို စမ်းသပ် လွှတ်တင်ဖွယ်ရှိကြောင်း စစ်ရေး အကဲခတ် တွေ က ပြောပါတယ်။

လတ်တလော အခြေအနေမှာတော့ မြောက်ကိုးရီးယား ရဲ့ တဦးတည်းသော မဟာမိတ် တရုတ် အစိုးရ ကတော့ သူတဦးတည်း အနေနဲ့ မြောက်ကိုးရီး အစိုးရ အပေါ်မှာ ဖိအားပေး လို့ မရတဲ့ အကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဌာန မှ ပြောခွင့်ရ လု ဂေါင် ကပြောပါတယ်။

ဒေသတွင်းမှာ ရှိနေကြတဲ့ နိုင်ငံတွေ အနေနဲ့ ရေရှည် အကျိုးစီးပွား ကို ကြည့်ပြီး ငြိမ်းချမ်းတည်ငြိမ်မှု ရှိရေး မဟာဗြူဟာ အရ ဒေသတွင်း အခြေအနေ ထိန်းညှိ လို့ ရအောင် စဉ်းစားလုပ်ကိုင်ဖို့ လိုပါတယ်။ ဒါကြောင့်မို့ အငြင်းပွားဖွယ်ရာ ဒုံးကျည် ကာကွယ်ရေး စနစ် ကို မတပ်ဆင် ဖို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

မြောက်ကိုးရီးယား ကိုလည်း နျူကလိယား ဒုံးလက်နက်တွေ စမ်းသပ်ဖေါက်ခွဲမှု ရပ်ဖို့လည်း ပြောယင်း ငြိမ်းချမ်းစွာ ပြဿနာ ကို ဖြေရှင်းဖို့ လည်း ဆိုပါတယ်။

တရုတ်သမ္မတ ကိုယ်တိုင်လည်း အမေရိကန် ခရီးက ပြန်ရောက်တာ မကြာသေးတဲ့ အတွက် နှစ်နိုင်ငံကြား မြောက်ကိုးရီးယား အရေး ကိစ္စ ဆွေးနွေးဖြစ်တာ ကို အမေရိကန် လုံခြုံရေး အကြံပေး ဒုတိယ ဗိုလ်ချုပ်ကြီး မက်မာစတာ က အတည်ပြု ပြောပါတယ်။

ရုရှ နိုင်ငံခြားရေး ဝန်ကြီး ဆာဂေး လက်ဗရော့ဗ် ကတော့

သူတို့ အနေနဲ့ မြောက်ကိုးရီးယား အစိုးရ ရဲ့ နျူကလိယား ဒုံးပျံ တွေ ပစ်လွှတ်နေတာဟာ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ရဲ့ သဘောတူညီချက် ကို ဖေါက်ဖျက်ရာ ရောက်လို့ သည်းမခံ နိုင်သလို အမေရိကန် ရဲ့ တဖက်သတ် စစ်အင်အား သုံးဖို့ ချိန်းခြောက်ခြင်း ဟာလည်း အင်မတန် အန္တရာယ် ကြီးတဲ့ နည်းလမ်း လို့ သတိပေးစကား ပြောပါတယ်။

မြောက်ကိုးရီးယား ရဲ့ ပစ်မှတ်ထဲ ပါနေတဲ့ ဂျပန် အစိုးရရဲ့ ဝန်ကြီးချုပ် ရှင်ဇို အာဘေး ကတော့ ဒေသတွင်းတည်ငြိမ်ဖို့ အရေး ကို သံတမန် နည်းလမ်းအရ ဖြေရှင်းဖို့ စိတ်မဝင်စားခဲ့ရင် အမေရိကန် ရဲ့ အရေးယူမှု ကိုပဲ ထောက်ခံရမဲ့ အနေအထား လို့ ပြောပါတယ်။