ရွေးကောက်ပွဲ စောကျင်းပဖို့ ဆုံးဖြတ်ချက် ထရီစာမေ ရှင်းပြ

  • 19 ဧပြီ 2017
ဓာတ်ပုံ မူပိုင် EPA
Image caption ရွေးကောက်ပွဲ စောကျင်းပတဲ့အကြောင်း တခြားနိုင်ငံ့ခေါင်းဆောင်တွေကို ထရီစာ မေ ရှင်းလင်းပြောပြ

ဗြိတိန် ဝန်ကြီးချုပ် ထရီစာ မေက ရွေးကောက်ပွဲ စောကျင်းပဖို့ သူထုတ်ဖော်ကြေညာလိုက်ရတာဟာ ဥရောပ သမဂ္ဂထဲကနေ ဗြိတိန်နိုင်ငံ နှုတ်ထွက်ဖို့ ညှိနှိုင်းမှုတွေ လုပ်နေစဉ် တည်ငြိမ်အေးချမ်းမှု ရဖို့ တခုတည်းသော နည်းလမ်း ဖြစ်တယ်လို့ ပြောပါတယ်။

အထွေထွေ ရွေးကောက်ပွဲကို ၃နှစ်စောပြီး လာမယ့် ဇွန်လမှာ ကျင်းပဖို့ သူ့ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ ဗုဒ္ဓဟူးနေ့မှာ ပါလီမန် အမတ်တွေ မဲခွဲဆုံးဖြတ်ကြမှာ ဖြစ်ပါတယ်။

လူထုစစ်တမ်းတွေအရ ကွန်ဆာဗေးတစ် အစိုးရပါတီဟာ အဓိက အတိုက်အခံ လေဘာပါတီထက် ၂၀မှတ်ကျော် ထောက်ခံမဲ ပိုရနေတယ်လို့ သိရပါတယ်။

လေဘာပါတီ ခေါင်းဆောင် ဂျယ်ရမီ ကော်ဘင် ကတော့ ရွေးကောက်ပွဲ အတွက် မဲဆွယ် စည်းရုံးမှုတွေ လုပ်ဖို့ အသင့်ပဲလို့ ပြောပါတယ်။

အခုလို ရွေးကောက်ပွဲ အချိန်စော ခေါ်ယူ ကျင်းပဖို့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ ဗြိတိန် ဝန်ကြီးချုပ် ထရီစာ မေက အမေရိကန် သမ္မတ ထရမ့်၊ ဂျာမနီ ဝန်ကြီးချုပ် အန်ဂယ်လာ မာခဲလ်နဲ့ တခြား ဥရောပ နိုင်ငံခေါင်းဆောင်တွေကို ရှင်းလင်း ပြောပြခဲ့ပါတယ်။

ရွေးကောက်ပွဲ လုပ်ငန်းစဉ် အဆင်ချောမွေ့စေဖို့ ဗြိတိသျှ ပြည်သူတွေ အတွက် သမ္မတ ထရမ့်က ဆုတောင်းပေးခဲ့တယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။

ဂျာမနီ နိုင်ငံခြားရေး ဝန်ကြီး ဇိက်မာ ဂါဘရီယယ်လ် ကလည်း ဒီရွေးကောက်ပွဲကြောင့် ဥရောပ သမဂ္ဂထဲကနေ ဗြိတိန်နိုင်ငံ နှုတ်ထွက်ရေးမှာ ပိုကြည်လင် ပြတ်သားမှု၊ ကြိုတင်ခန့်မှန်း နိုင်မှုတွေ ရှိလာဖို့ မျှော်လင့်ကြောင်း ပြောပါတယ်။

ဥရောပ ကော်မရှင်အဖွဲ့ရဲ့ စေ့စပ်ညှိနှိုင်းရေး ပုဂ္ဂိုလ် မီရှဲလ် ဘာနီယေး ကတော့ မစ္စစ် မေရဲ့ ဆုံးဖြတ်ချက်ကြောင့် ဘာမှ ပြောင်းလဲမှု ရှိလာမှာ မဟုတ်ကြောင်းနဲ့ သူ့အဖွဲ့ အနေနဲ့ ဥရောပ သမဂ္ဂ ထဲကနေ ဗြိတိန်နိုင်ငံ နှုတ်ထွက်ဖို့ ညှိနှိုင်းပြောဆိုမှုတွေကို နဂို စီစဉ်ထားတဲ့အတိုင်း ဇွန်လဦးပိုင်းမှာ လုပ်သွားဖို့ အဆင်သင့်ပဲလို့ ပြောသွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ