ရွေးကောက်ပွဲ စောကျင်းပတာ အကျိုးရှိမယ်လို့ ဝန်ကြီးချုပ်မေ ပြော

  • 19 ဧပြီ 2017
Image caption ပါလီမန် အမတ် ၃ပုံ၂ပုံရဲ့ ထောက်ခံမှုကို ရလာမယ်လို့ မျှော်လင့်ရ

ဗြိတိန်မှာ အထွေထွေ ရွေးကောက်ပွဲ စောကျင်းပတာဟာ ဥရောပ သမဂ္ဂ အီးယူထဲက နှုတ်ထွက် တဲ့ ဘရက်ဇစ် လုပ်ငန်းစဉ် အောင်မြင်ဖို့ အထောက်အကူ ပြုမှာ ဖြစ်သလို၊ တိုင်းပြည်ရဲ့ ရေရှည် တည်ငြိမ်ရေးကိုလည်း ဖြည့်ဆည်း ပေးလိမ့်မယ်လို့ ဝန်ကြီးချုပ် ထရီဇာမေက ပြောပါတယ်။

ဒါပေမယ့် လာမယ့် ဇွန်လ ၈ ရက် နေ့မှာပဲ ရွေးကောက်ပွဲကို စောပြီး ကျင်းပဖို့ကို လွယ်လွယ်နဲ့ ဆုံးဖြတ်ခဲ့တာ မဟုတ်ပဲ၊ အခု လတ်တလော သီတင်းပတ်တွေကမှ ဆုံးဖြတ် နိုင်ခဲ့တာ ဖြစ်တယ် ဆိုပြီးတော့လည်း ဝန်ကြီးချုပ်မေက ဘီဘီစီကို ပြောပါတယ်။

ဗြိတိန် မဲဆန္ဒရှင်တွေ အနေနဲ့ သူ့အပေါ် ယုံကြည်မှု ထားဖို့ ဝန်ကြီးချုပ်မေက တိုက်တွန်း ခဲ့သလို၊ တကယ်လို့ ဇွန်လ ရွေးကောက်ပွဲ ကနေတဆင့် သူ့ အနေနဲ့ ဝန်ကြီးချုပ် အဖြစ် လုပ်ပိုင်ခွင့်တွေ ရလာပြီဆိုရင် ဘရက်ဇစ် လုပ်ငန်းစဉ် အတွင်း အီးယူနဲ့ ညှိနှိုင်းကြတဲ့ အခါ ဗြိတိန် ဘက်က ပိုပြီး ခိုင်ခိုင်မာမာ ပြောနိုင်ဆိုနိုင် လိမ့်မယ်လို့ ဝန်ကြီးချုပ်က ဆိုပါတယ်။

ဇွန်လ ၈ ရက် နေ့မှာ ရွေးကောက်ပွဲ ကျင်းပဖို့ ဝန်ကြီးချုပ်ရဲ့ ဆုံးဖြတ်ချက်ကို အတည်ပြု မလား ဆိုတာကို ဗြိတိသျှ ပါလီမန်ထဲ မဲခွဲ ဆုံးဖြတ်ကြမှာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ်ရဲ့ အဆုံးအဖြတ်ဟာ လိုအပ်တဲ့ ပါလီမန် အမတ် ၃ပုံ၂ပုံရဲ့ ထောက်ခံမှုကို ရလာမယ်လို့ မျှော်လင့်ရပါတယ်။

ပုံမှန်အတိုင်း ဆိုရင် ဗြိတိသျှ ပါလီမန် ရွေးကောက်ပွဲဟာ ၂ဝ၂ဝ ကျမှ ကျင်းပ ရမှာ ဖြစ်ပေမယ့်၊ ပါလီမန် အမတ် ၃ပုံ၂ပုံက သဘောတူတယ် ဆိုရင် စောပြီး ကျင်းပခွင့် ပေးထားတဲ့ ပါလီမန် အက်ဥပဒေ ရှိနေပါတယ်။

ထရီဇာမေဟာ နိုင်ငံရေး အခွင့်ကောင်း ရယူပြီး ဝန်ကြီးချုပ် ဖြစ်လာတယ် ဆိုပြီး ဝေဖန် နေတဲ့ လေဘာနဲ့ လစ်ဘရယ် ဒီမိုကရက် အတိုက်အခံ ပါတီတွေက ရွေးကောက်ပွဲ စောပြီး ကျင်းပမှာကို ကြိုဆို နေကြပြီး၊ စကော့တလန် အမျိုးသား ပါတီကတော့ ပါလီမန်ထဲ မဲခွဲတဲ့အခါ သူတို့ရဲ့ အမတ်တွေဟာ ဝင်ပြီး မဲပေးမှာ မဟုတ်ဘူး ဆိုတဲ့ အရိပ်အယောင်တွေ ပြသနေပါတယ်။