ပဲရစ်မြို့လယ်မှာ သေနတ်နဲ့ ပစ်ခံရလို့ ရဲတစ်ဦး သေဆုံး

  • 20 ဧပြီ 2017
Image caption ရှောင်ဇေလီဇေး လမ်းမကြီးကို ပိတ်ချ ထား

ပြင်သစ် နိုင်ငံမြို့တော် ပဲရစ်ရဲ့ နာမည်ကျော် ရှောင်ဇေလီဇေး လမ်းမကြီး ပေါ်မှာ ရဲတပ်ဖွဲ့ ဝင်တွေ စီးနင်း လိုက်ပါလာတဲ့ ဘတ်စ်ကားတစ်စင်း သေနတ်နဲ့ ပစ်ခတ် တိုက်ခိုက် ခံလိုက်ရတဲ့ အတွက် ရဲ တစ်ဦး သေဆုံးသွားပြီး၊ တခြား ရဲ နှစ်ယောက်လည်း ဒဏ်ရာ အကြီးအကျယ် ရရှိ သွားပါတယ်။

ကားတစ်စင်းထဲ ကနေ ထွက်လာပြီး ပစ်ခတ် ခဲ့တဲ့ သေနတ်သမားလည်း ရဲတပ်ဖွဲ့ရဲ့ ပြန်လည် ပစ်ခတ်မှုကြောင့် သေနတ် ထိမှန် သေဆုံး သွားပါတယ်။

ရှောင်ဇေလီဇေးဟာ ကမ္ဘာကျော် လမ်းမကြီး ဖြစ်တဲ့ အတွက် တိုက်ခိုက်မှု ဖြစ်ချိန်မှာလည်း နိုင်ငံခြား ခရီးသည်တွေ အပါအဝင် လမ်းသွားလမ်းလာ တွေနဲ့ စည်ကား နေပါတယ်။

အခုတော့ အရေးပေါ် ယာဉ်တွေကလွဲပြီး ရှောင်ဇေလီဇေးထဲ ဝင်ခွင့် မပေးတော့ပဲ ပိတ်ချ ထားပါတယ်။

ပြင်သစ် ရဲတပ်ဖွဲ့ဝင်တွေ အပေါ် တမင် ပစ်မှတ်ထား တိုက်ခိုက် ခဲ့မှု ဖြစ်တယ်လို့ ပြင်သစ် ပြည်ထဲရေး ဝန်ကြီးဌာနက ပြောပါတယ်။

ပြင်သစ် အကြမ်းဖက် နှိမ်နှင်ရေး ဌာနကလည်း ဒီ ဖြစ်ရပ်အပေါ် စုံစမ်း နေပါတယ်။

သေနတ်သမားဟာ ထောက်လှမ်းရေး အဖွဲ့တွေရဲ့ စောင့်ကြည့် ခံခဲ့ဖူးသူ တစ်ဦး ဖြစ်တယ်လို့ ဒေသခံ သတင်း တချို့က ပြောနေပါတယ်။

လာမယ့် တနင်္ဂနွေနေ့ ဆိုရင် ပြင်သစ် သမ္မတ ရွေးကောက်ပွဲ ပထမ အဆင့် ကျင်းပဖို့ ရှိနေချိန်၊ လုံခြုံရေး တပ်ဖွဲ့ဝင် အင်အား ၅ သောင်းအထိ နေရာ ချထား နေတုန်းမှာပဲ အခုလို ပစ်ခတ်မှု ပေါ်ပေါက် လာတာ ဖြစ်ပါတယ်။

၂ဝ၁၅ နိုဝင်ဘာလ ပဲရစ်မြို့ တိုက်ခိုက် ခံခဲ့ရပြီး အစ္စလာမ်မစ် အစွန်းရောက်တွေ လက်ချက်နဲ့ လူတွေ အစုလိုက် အပြုံလိုက် သေဆုံး ခဲ့ရတဲ့ နောက်ပိုင်း ထုတ်ပြန် ထားတဲ့ အရေးပေါ် အခြေဟာ ပြင်သစ် နိုင်ငံမှာ သက်ဝင် နေဆဲ ဖြစ်ပါတယ်။