နာမည်ကျော် ရှေဇေလီဇေး လမ်းပေါ် တိုက်ခိုက်ခံရ

  • 21 ဧပြီ 2017
Image caption ပြင်သစ် ရဲတပ်ဖွဲ့ ပစ်မှတ်ထား အတိုက်အခိုက် ခံရ

ပြင်သစ် နိုင်ငံ မြို့တော် ပဲရစ်ရဲ့ မြို့လယ်ခေါင်မှာ သေနတ် ပစ်ခတ်မှု ဖြစ်ခဲ့ပြီး ရဲ တစ်ဦး သေဆုံး သွားပါတယ်။

တခြား ရဲ နှစ်ယောက်လည်း ဒဏ်ရာ ရသွား သလို၊ သေနတ်သမားလို့ ယူဆ ရသူတွေလည်း လုံခြုံရေး တပ်ဖွဲ့ဝင်တွေ လက်ချက် နဲ့ သေဆုံး ခဲ့ပါတယ်။

နာမည်ကျော် ရှောင်ဇေလီဇေး လမ်းမပေါ် ရပ်ထားတဲ့ ရဲတပ်ဖွဲ့ ဘတ်စ်ကား အတိုက်အခိုက် ခံခဲ့ ရတာပါ။

တစ်ကိုယ်တော် သေနတ်သမား တစ်ယောက်က ပစ်ခတ် ခဲ့ပြီး အခင်း ဖြစ်ရာ နေရာ ကနေ ထွက်အပြေး အသေ ပစ်ခတ် ဖမ်းဆီး ခဲ့ရတယ်လို့ ပြင်သစ် ရဲတပ်ဖွဲ့က ပြောပါတယ်။

ဒီ တိုက်ခိုက်မှုဟာ အကြမ်းဖက် ဝါဒ အခြေခံ ဖြစ်ရပ်လို့ ယူဆတယ် ဆိုပြီး ပြင်သစ် သမ္မတ ဖရန်ဆွာ အိုလော်န့်က ပြောပါတယ်။

အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ IS ကနေ ထုတ်ပြန်တာ ဆိုတဲ့ ကြေညာချက် တစ်စောင်လည်း ထွက်လာတာမှာ ဒီတိုက်ခိုက်မှုကို ဘယ်လ်ဂျီယံက သူတို့အဖွဲ့ဝင် အဘူ ယူဆွတ်ဖ် ဆိုသူ ကျူးလွန် ခဲ့တာ ဖြစ်တယ် ဆိုပြီး ရေးထားပါတယ်။

လာမယ့် တနင်္ဂနွေနေ့ ဆိုရင် ပြင်သစ် သမ္မတ ရွေးကောက်ပွဲ ပထမ အဆင့် ကျင်းပဖို့ ရှိနေချိန် မှာပဲ အခုလို ပစ်ခတ်မှု ပေါ်ပေါက် လာတာ ဖြစ်ပါတယ်။

ပြင်သစ် ရဲတပ်ဖွဲ့ ပစ်မှတ်ထား အတိုက်အခိုက် ခံလိုက်ရတာ ဖြစ်တယ်လို့ ပြည်ထဲရေး ဌာနက ပြောပါတယ်။

ပြင်သစ် သမ္မတ အိုလော်န့်က အခု အဖြစ်အပျက်နဲ့ ပတ်သက်လို့ သူ့ရဲ့ ဝန်ကြီးချုပ်၊ ပြည်ထဲရေး ဝန်ကြီးတွေနဲ့ စကား ပြောဆိုခဲ့ပြီး ဖြစ်သလို၊ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ အပေါ် တတိုင်းပြည်လုံးက အပြည့်အဝ ကျောထောက် နောက်ခံပြု အားပေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ကျဆုံး ခဲ့ရတဲ့ ရဲ အမှုထမ်းကိုလည်း တနိုင်ငံလုံး အတိုင်းအတာ အဆင့် အမှတ်တရ ဂုဏ်ပြုပွဲ တွေ ကျင်းပ ပေးမယ်လို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ