ပဲရစ် တိုက်ခိုက်မှု က ရွေးကောက်ပွဲကို မထိခိုက်နိုင်

  • 21 ဧပြီ 2017
ဓာတ်ပုံ မူပိုင် Getty Images
Image caption သက် ၃၉ နှစ်အရွယ် Karim Cheurfi ဖြစ်ပြီး ပဲရစ် ဆင်ခြေဖုံး အရပ်တခုမှာ နေတဲ့ သူဖြစ်တယ်လို့ ပြင်သစ်မီဒီယာတွေ ကရေး နေ

ရှောင်ဇေလီဇေ လမ်းမကြီးပေါ်မှာ ဧပြီလ ၂၀ ရက်နေ့ မှာ ရဲတယောက်ကို ပစ်သတ် ပြီး တခြားရဲ ၂ ယောက်ကို ပါ ဒဏ်ရာရ အောင် လုပ်သွားပြီး ရဲတွေရဲ့ ပစ်ခတ်ပြီး အသေဖမ်းနိုင်ခဲ့တဲ့ တိုက်ခိုက်သူ ဘယ်သူ ဘယ်ဝါ ဆိုတာကို သူ့ကားမှာ ကျန်နေခဲ့တဲ့အထောက်အထား တွေ အရ ပြင်သစ်အာဏာပိုင်တွေ က တော့ သိထားပြီးပါပြီ။

ပြောခွင့်ရ တရားလို ရှေ့နေ ဖရန်ဆွာ မော်လင်း က တိုက်ခိုက်သူ ဘယ်သူဘယ်ဝါ ဆိုတာ သိထားပါပြီ ဆိုတဲ့အကြောင်း ပဲ အခုအချိန်မှာ ပြောနိုင်ပါသေးတယ်။ လိုအပ်တဲ့ ထပ်မံစစ်ဆေးမှုတွေလည်း လုပ်ရဉီးမယ်။ ဆက်စပ်ပြီး စုံစမ်းတာတွေ စီးနင်း ဖမ်းဆီးတာတွေ လုပ်နေဆဲပါ လို့ ပြောပါတယ်။

ဒီလူ ဟာ ပြင်သစ်နိုင်ငံသားဖြစ်တယ် အသက် ၃၉ နှစ်အရွယ် Karim Cheurfi ဖြစ်ပြီး ပဲရစ် ဆင်ခြေဖုံး အရပ်တခုမှာ နေတဲ့ သူဖြစ်တယ်လို့ ပြင်သစ်မီဒီယာတွေ ကရေး နေပါတယ်။

၂၀၀၀ ခုနှစ်တွေအတွင်း သူ ဟာ ရဲတွေကို လုပ်ကြံလိုစိတ်နဲ့ ပစ်ခတ်မှု နဲ့ ထောင်ထဲမှာ နှစ်များစွာ ပြစ်ဒဏ်ကြခံရဘူးသူပါ လို့ လည်း ဆိုနေပါတယ်။

ဒီအတောအတွင်း အိုင်အက်စ် က လည်း အခုပဲရစ်တိုက်ခိုက်သူ ဟာ သူတို့ရဲ့ တိုက်ခိုက်ရေး သမားတယောက် ဖြစ်ပြီး တော့ သူ့နာမယ် က အဘူ ယူဆွတ် ဘယ်ဂျီကီ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ပြင်သစ်ရဲတွေက တော့ ပဲရစ် ဆင်ဖြေဖုံးဖက်မှာ ရှာဖွေတာတွေ စီးနင်းတာတွေလုပ်နေပြီးတော့ တိုက်ခိုက်သူ ရဲ့ မိသားစုဝင် ၃ ယောက်ကိုလည်း ဖမ်းဆီးထိန်းသိမ်းထားပါကြောင်း ရိုက်တာမှာ ရေးထားပါတယ်။

ဘယ်လဂျီယံမှာ အခု တိုက်ခိုက်သူနဲ့ ဆက်စပ် ပတ်သက် တဲ့ သူတယောက်ကလည်း ရဲစခန်းမှာ သူ့ကိုယ်သူ လာအဖမ်းခံ ထားပါတယ်။

အခုတိုက်ခိုက်မှု ကြောင့် လာမယ့် တနင်းဂနွေနေ့မှာ ကျင်းပ တော့မယ့် သမ္မတရွေးကောက်ပွဲ ကို ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် သမ္မတလောင်းတွေ ထဲ ထိပ်က ပြေးနေတဲ့ ၄ ယောက်ထဲက ၃ ယောက် က တော့ သူတို့မဲဆွယ် လူထုစည်းဝေးပွဲတွေကို မလုပ်တော့ ပဲ ရပ်ဆိုင်းထားပါတယ်။

ဒီနေ့ သောကြာနေ့က မဲဆွယ်စည်းရုံး ခွင့်ပေးထားတဲ့ နောက်ဆုံးရက်ပါ။

လုံခြုံရေးဆိုင်ရာ အရေးပေါ် အစည်းအဝေး တခု အပြီးမှာတော့ ပြင်သစ် ဝန်ကြီးချုပ် ဘာနေး ကဇ်ဇန်နာ့ဗ် က ဘယ်အရာ ကမှ ကျနော်တို့နိုင်ငံရဲ့ ဒီမိုကရေစီ အခြေခံလုပ်ငန်းစဉ် တွေကို နှောင့်ရှက်ဖျက်ဆီးလို့မရဘူး ၊ တနင်္ဂနွေမှာလုပ်မယ့် သမ္မတရွေးကောက်ပွဲအတွက် အထူးတပ်ဖွဲ့တွေ အပါအဝင် လုံခြုံရေး တပ်တွေကို အကြီးအကျယ် တပ်လှန်းထားတယ် လို့ ပြော ပါတယ်။