သမ္မတ ရွေးကောက်ပွဲ အပေါ် ပဲရစ် တိုက်ခိုက်မှု လွှမ်းမိုးနေ

  • 21 ဧပြီ 2017
Image caption လူ ၃ ဦးကို ပြင်သစ်ရဲတွေက ဖမ်းဆီး စစ်ဆေး နေ

ပဲရစ်မြို့မှာ အစ္စလာမ်မစ် တိုက်ခိုက်မှု ပေါ်ပေါက်လာပြန်တဲ့ ဖြစ်ရပ်ဟာ ပြင်သစ် သမ္မတ ရွေးကောက်ပွဲ နောက်ဆုံး မဲဆွယ်နေ့ အပေါ် လွှမ်းမိုး ထားခဲ့ပါတယ်။

သမ္မတလောင်း တချို့ ဆိုရင် သူတို့ရဲ့ နောက်ဆုံး မဲဆွယ် စကားပြောပွဲ တွေကို ဖျက်သိမ်း ခဲ့ကြပါတယ်။

ဧပြီလ ၂၃ ရက် တနင်္ဂနွေ နေ့ဆိုရင် သမ္မတလောင်း ၁၁ ဦး ယှဉ်ပြိုင်ကြမယ့် ပြင်သစ် သမ္မတ ရွေးကောက်ပွဲ ပထမ အဆင့် ကျင်းပမှာ ဖြစ်ပါတယ်။

အမျိုးသား လုံခြုံရေး ကိစ္စ အပေါ် သမ္မတလောင်း အားလုံး လိုလို အာရုံစိုက် ပြောဆို ခဲ့ကြပြီး လက်ျာစွန်း အမျိုးသားရေး တပ်ဦး ပါတီက သမ္မတလောင်း မာရီးန် လီပဲန်း ဆိုရင် နယ်စပ် ဝင်ပေါက် ထွက်ပေါက်တွေ အားလုံး ပိတ်ချပစ်ဖို့၊ လုံခြုံရေးကို ခြိမ်းခြောက် နေသူတွေကို တိုင်းပြည်က နှင်ထုတ်ပစ်ဖို့ ဆော်ဩလာပါတယ်။

ဒီလို ပြောဆိုမှုတွေဟာ ကြာသပတေး နေ့တုန်းက သေနတ်သမား လက်ချက်နဲ့ နာမည်ကျော် ရှော်ဇေလီဇေ လမ်းမကြီး ပေါ်မှာ ရဲတစ်ဦး ကျဆုံး ခဲ့ရတဲ့ ဖြစ်ရပ် အပေါ် နိုင်ငံရေး အခွင့်ကောင်း ယူတာမျိုး ဖြစ်တယ် ဆိုပြီး မစ္စ လီပဲန်း အပေါ် ဝန်ကြီးချုပ် ဘယ်နား ခက်ဇ်နာ့ဗ်က ရှုတ်ချပါတယ်။

အသေ ပစ်ခတ် ဖမ်းဆီးမိတဲ့ သေနတ်သမားရဲ့ ရုပ်အလောင်း နံဘေး တွေ့ထားရတဲ့ စာထဲ အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ IS အပေါ်မှာ လိုလား တိမ်းညွတ်တဲ့ အကြောင်းတွေ ပါဝင် နေတယ်လို့ ပဲရစ်မြို့ရဲ့ အစိုးရရှေ့နေ ဖရော်န်ဆွာ မိုလန်းက အတည်ပြု ပါတယ်။

သေနတ်သမားဟာ ကရီးမ် ရှဖီး ဆိုသူ ဖြစ်တယ်လို့ ပဲရစ်မြို့ အာဏာပိုင်တွေက ထုတ်ပြန် ထားပြီး ရှဖီးနဲ့ အဆက်အစပ် ရှိနေတဲ့ လူ ၃ ဦးကိုလည်း ပြင်သစ်ရဲတွေက ဖမ်းဆီး စစ်ဆေး နေပါတယ်။