သိပ္ပံဟာ နိုင်ငံရေးရဲ့ အတိုက်ခိုက် ခံနေရတယ်လို့ လှုပ်ရှားသူတွေပြော

  • 23 ဧပြီ 2017
Image caption ကမ္ဘာမြေ နေ့နဲ့ တိုက်ဆိုင်ပြီး ပြုလုပ်

ကမ္ဘာတလွှားက မြို့ကြီးတွေမှာ သိပ္ပံပညာ အပေါ် ထောက်ခံပွဲ ဆိုပြီး လူတွေ စုရုံး ချီတက် ခဲ့ကြတာမှာ သိန်းနဲ့ချီ ပါဝင် ခဲ့ကြပါတယ်။

သိပ္ပံပညာရဲ့ အချက်အလက် အပေါ် အခြေခံ ရမယ်ဆိုတဲ့ စည်းမျဉ်းကို ကမ္ဘာ နိုင်ငံရေးက လွှမ်းမိုး ချယ်လှယ် တိုက်ခိုက် နေတယ်ဆိုတဲ့ အမြင်နဲ့ အခုလို လှုပ်ရှားမှု တွေ လုပ်ဆောင် လာတာပါ။

ကမ္ဘာမြေ နေ့ ဆိုပြီး သတ်မှတ် ထားတဲ့ ဧပြီလ ၂၂ ရက် နေ့နဲ့ တိုက်ဆိုင်ပြီး ပြုလုပ် ခဲ့တာ ဖြစ်တဲ့ အတွက် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အတွက်လည်း ဆော်ဩရာ ရောက်တယ်လို့ လှုပ်ရှား တက်ကြွသူ တွေက ပြောပါတယ်။

အင်အား အများဆုံး ပါဝင်တဲ့ ချီတက်ပွဲကြီးကတော့ ဝါရှင်တန် ဒီစီ မြို့တော်မှာ ပြုလုပ် ခဲ့တာ ဖြစ်ပါတယ်။

အမေရိကန် ပြည်ထောင်စုမှာ ဒေါ်နယ်ထရမ့် သမ္မတ ဖြစ်လာ ပြီးတဲ့နောက် သိပ္ပံဆိုင်ရာ အဖွဲ့အစည်းတွေကို ပေးနေတဲ့ ရံပုံငွေတွေကို ဖြတ်တောက် ခဲ့သလို၊ ကမ္ဘာ့ရာသီဥတု ပြောင်းလဲ နေတဲ့ ပြဿနာ အပေါ်မှာလည်း ယုံတမ်းစကား သဖွယ် ပယ်ချတဲ့ သဘောမျိုး ထရမ့်က ပြောဆိုခဲ့တဲ့ အတွက် အမေရိကန် သိပ္ပံ ပညာရှင်တွေက မကျေမနပ် ဖြစ်နေပါတယ်။

သိပ္ပံပညာရဲ့ အခြေခံ တန်ဖိုးတွေ အပေါ် ကာကွယ်ဖို့ သိပ္ပံ ပညာရှင်တွေ သမိုင်းတလျှောက် ပထမဆုံး အကြိမ် စုရုံး လာတာဖြစ်တယ်လို့ နယူးယောက်မြို့ အခြေစိုက် The Rockefeller တက္ကသိုလ်က အနုဇီဝနဲ့ မျိုးရိုးဗီဇ ဆိုင်ရာ ပါမောက္ခ အဲရစ် ဂျားဗစ်က ဝါရှင်တန် ချီတက်ပွဲမှာ ပြောသွားပါတယ်။

အိမ်ဖြူတော်ကတော့ မစ္စတာ ထရမ့်ဟာ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ဆောင်မှာ ဖြစ်ပေမယ့်၊ အဲဒီလို ဆောင်ရွက်နိုင်ဖို့ အကောင်းဆုံး နည်းက စီးပွားရေး ဖွံ့ဖြိုးအောင် အရင် လုပ်ရမယ် ဆိုပြီး ယုံကြည် ထားသူ ဖြစ်တယ်လို့ တုံ့ပြန် ပြောဆို ထားပါတယ်။