ပြင်သစ် သမ္မတရွေးကောက်ပွဲ ပထမအကျော့ ကျင်းပ

  • 23 ဧပြီ 2017
ဓာတ်ပုံ မူပိုင် AFP
Image caption ဒီရွေးကောက်ပွဲဟာ ပြင်သစ်နိုင်ငံအတွက် နှစ်ပေါင်းအတန်ကြာအတွင်း အရေးပါဆုံး ရွေးကောက်ပွဲလို့ သုံးသပ်ကြ

ပြင်သစ်နိုင်ငံမှာ သမ္မတ ရွေးကောက်ပွဲ ပထမအကျော့အတွက် ပြည်သူတွေ မဲပေးနေကြပါတယ်။

ပြင်သစ်မှာ ဒီနှစ်ပိုင်း အတွင်း ကျင်းပတဲ့ ရွေးကောက်ပွဲတွေထဲမှာ ဒီရွေးကောက်ပွဲလောက် ဘယ်ရွေးကောက်ပွဲကမှ ရင်ခုန်စရာ မကောင်းဘူးလို့ အဲဒီမှာ ရောက်နေတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဒီရွေးကောက်ပွဲ မှာ ဘယ်သူပဲ နိုင်နိုင်၊ ဒီရွေးကောက်ပွဲ ရလဒ်က ပြင်သစ်မှာသာမက ဥရောပ တတိုက်လုံးကိုပါ ရိုက်ခတ်မှာပါ။

ရွေးကောက်ပွဲ အကြို မဲဆွယ်မှုတွေကလည်း ဘယ်ရွေးကောက်ပွဲနဲ့မှမတူ အကြိတ်အနယ် မဲဆွယ်ခဲ့တာ ဖြစ်ပါတယ်။

ဝင်ပြိုင်တဲ့ သမ္မတလောင်း ၄ ယောက်စလုံး အတွက် သမ္မတ ရာထူးက လက်တကမ်း အလိုသာ ရှိတော့သယောင် ယှဉ်ပြိုင်မှုက ပြင်းထန်လှ ပါတယ်။

ဒီထဲမှာ လက်ယာစွန်းနဲ့ လက်ဝဲစွန်း သမ္မတလောင်း ၂ ယောက် ပါနေတော့ သူတို့ထဲက တယောက်များ နိုင်လိုက်ရင်EU ဥရောပ သမဂ္ဂမှာ ပြင်သစ် ဆက်ပါမပါ ဆိုတာက မေးခွန်းထုတ်စရာ ဖြစ်လာမှာပါ။

EU ထဲကနေ ပြင်သစ် ထွက်သွားမယ် ဆိုရင်တော့ EUဟာ သူ့ကို တည်ထောင်ခဲ့သူ မပါတော့ပဲ ဆက်ရပ်တည်နိုင်မလား ဆိုတာ စဉ်းစားစရာ ဖြစ်ပါတယ်။

နောက်ပြီး ကြာသပတေးနေ့က ပဲရစ်မှာ ရဲတယောက်ကို သေနတ်သမား က ပစ်သတ်ခဲ့တာကလည်း အကြမ်းဖက်မှုတွေနဲ့ ရှုပ်ထွေးနေတဲ့ ပြင်သစ်နိုင်ငံမှာ အခြေအနေတွေ ပိုပြီး ချောက်ချားသွားစေပါတယ်။

နောက် EU ထဲက ဗြိတိန်ထွက်တာ နဲ့ အမေရိကန်မှာ သမ္မတ ထရမ့် တက်လာတာတွေကလည်း ပြင်သစ် နိုင်ငံရေးကို အများကြီး ရိုက်ခတ်ခဲ့ပါတယ်။

ပြင်သစ်မှာ အစဉ်အလာအရ ကြီးစိုးခဲ့တဲ့ လက်ဝဲနဲ့ ဗဟိုလက်ယာယိမ်း အစိုးရတွေ ဆက်ပြီး တလှည့်စီ အုပ်ချုပ်နိုင်ဖို့ကလည်း ဒီတကြိမ်မှာ မသေချာပါဘူး။

ဆိုရှယ်လစ် သမ္မတလောင်းက လူကြိုက်များတဲ့အထဲ မပါသလို ကွန်ဆာဗေးတစ်က ဖရန်ဆွာ ဖီယွန်းကိုလည်း မိသားစုကို မျက်နှာသာပေးပြီး အလုပ်ခန့်တယ် ဆိုတဲ့ စွဲချက်တွေနဲ့ တရားရေးဌာနက စုံစမ်းစစ်ဆေးမှုတွေ ဝင်နေပါတယ်။

အကြိုစစ်တမ်းတွေအရ လက်ယာစွန်း အမျိုးသားရေး တပ်ဦးက မာရီး လ ပန်းနဲ့ ဗဟို ဝါဒီ သမ္မတလောင်း မာ့ကရွန်းတို့ ရှေ့ကပြေးနေပါတယ်။

နိုင်ငံတဝှမ်းက မဲရုံတွေမှာ လုံခြုံရေးအတွက် ရဲတပ်ဖွဲ့ဝင် ၅သောင်းနဲ့ စစ်သား ၇ထောင်လောက် ချထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ