ပြင်သစ် သမ္မတ ရွေးကောက်ပွဲ နှစ်ဦးချင်း ထိပ်တိုက် အဆင့်မှာ မက်ခ်ရွန်းနဲ့ လီပဲန်း တွေ့မယ်

  • 24 ဧပြီ 2017
Image caption အေမဲန်ဝဲလ် မက်ခ်ရွန်းဟာ အသက် ၃၉ နှစ် ဖြစ်ပြီး၊ အရင်က တခါမှ ရွေးကောက်ပွဲ ဝင်ခဲ့ဖူးသူ မဟုတ်ပါဘူး

ပြင်သစ် သမ္မတ ရွေးကောက်ပွဲ ဝင်ခဲ့တဲ့ အေမဲန်ဝဲလ် မက်ခ်ရွန်း Emmanuel Macron က တနင်္ဂနွေနေ့ ပထမ အဆင့်မှာ သူ အနိုင်ရပြီလို့ ကြေညာလိုက်ပြီ ဖြစ်ပါတယ်။

ရွေးကောက်ပွဲ စစ်တမ်းတွေ အရ Centrist လို့ ခေါ်တဲ့ ဗဟိုဝါဒ စွဲကိုင်သူ မစ္စတာ မက်ခ်ရွန်းဟာ နောက်တဆင့် ရွေးကောက်ပွဲ ကျရင် လက်ျာစွန်း အမျိုးသားရေး တပ်ဦးပါတီရဲ့ ကိုယ်စားလှယ် မရီးန် လီပဲန်းနဲ့ နှစ်ဦးချင်း ထိပ်တိုက် ပြိုင်ရ နိုင်ဖွယ် ရှိပါတယ်။

အဲဒီ သမ္မတလောင်း နှစ်ဦး ထိပ်တိုက် ပြိုင်ရမယ့် အဆင့်ကိုတော့ နောက် သီတင်း နှစ်ပတ်ကြာရင် ကျင်းပမှာပါ။

လက်ရှိ သမ္မတ ဖရန်ဆွာ အိုလော်န့်ကလည်း မစ္စတာ မက်ခ်ရွန်း အနိုင်ရကြောင်း တရားဝင် အတည်ပြုတာမျိုး မလုပ် သေးပေမယ့်၊ ကိုယ်တိုင်တော့ ဖုန်းဆက်ပြီး ဂုဏ်ပြု စကား ပြောကြား ခဲ့ပါတယ်။

၁၉၅၈ ခုနှစ် ပြင်သစ်မှာ လက်ရှိ သမ္မတ စနစ် စတင် ကျင့်သုံး လာတဲ့နောက်ပိုင်း၊ ပထမဆုံး အကြိမ် ဆိုရှယ်လစ် ဝါဒီနဲ့ ဗဟိုလက်ျာ ဝါဒီ တစ်ယောက်မှ ရွေးကောက်ပွဲ နောက်တဆင့်ကို မတက် နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဘဏ္ဍာရေး ရင်းနှီးမြှုပ်နှံသူ တစ်ယောက် ဖြစ်တဲ့ အေမဲန်ဝဲလ် မက်ခ်ရွန်းဟာ အသက် ၃၉ နှစ် ဖြစ်ပြီး၊ အရင်က တခါမှ ရွေးကောက်ပွဲ ဝင်ခဲ့ဖူးသူ မဟုတ်ပါဘူး။

ပြင်သစ် ပြည်သူတွေ ခံစား နေရတဲ့ သံသယတွေ၊ ကြောက်ရွံမှုတွေနဲ့ အပြောင်းအလဲတွေကို ငံ့လင့်မှုတွေကြောင့် ပြင်သစ် နိုင်ငံရေးကို အနှစ် ၃ဝ လွှမ်းမိုးထားတဲ့ အဓိက ပါတီကြီး နှစ်ခု အခု ရွေးကောက်ပွဲမှာ လူတွေရဲ့ ထောက်ခံမှု မရခဲ့တာ ဖြစ်တယ်လို့ မစ္စတာ မက်ခ်ရွန်းက ပြောပါတယ်။

အခု အချိန်မှာ သူ့ အနေနဲ့ ပြင်သစ် နိုင်ငံကြီး အတွင်း ပြန်လည် သွေးစည်း ကြဖို့ လုပ်ဆောင် ရတော့မှာ ဖြစ်ပြီး၊ ဒုတိယ အဆင့် ရွေးကောက်ပွဲမှာ သူ့ အပေါ် ထောက်ခံမှုတွေ ပိုရလာအောင် ကြိုးစား သွားမယ်လို့လည်း မစ္စတာ မက်ခ်ရွန်းက ဆိုပါတယ်။

Image caption မစ္စ လီပဲန်းကို ထောက်ခံသူတွေ

မစ္စ လီပဲန်းကလည်း အခု ရွေးကောက်ပွဲ ရလဒ်ဟာ သမိုင်းဝင်ပဲလို့ ပြောပါတယ်။

သူဟာ ပြင်သစ် ပြည်သူတွေရဲ့ ကိုယ်စားလှယ် ဖြစ်တယ်လို့လည်း ကိုယ့်ကိုယ်ကိုယ် ရည်ညွှန်း ခေါ်ဆိုခဲ့ပြီး၊ ပြည်သူတွေ လွတ်မြောက်အောင် ဆောင်ကြဉ်း ပေးရတော့မယ့် အချိန် ဖြစ်တယ်လို့လည်း မစ္စ လီပဲန်းက ဆိုပါတယ်။

လက်ရှိ ဆိုရှယ်လစ် သမ္မတ အိုလော်န်း အပေါ် လူကြိုက်မှု လျော့နည်း နေတဲ့ အတွက် ဆိုရှယ်လစ်ပါတီရဲ့ ကိုယ်စားလှယ် ဘဲန်နွား အာမွန်း Benoit Hamon လည်း အခု ရွေးကောက်ပွဲမှာ ရှုံးနိမ့် ခဲ့ရသလို၊ ဗဟိုလက်ျာသမား ဖရန်ဆွာ ဖီယွန်း Francois Fillon လည်း အောင်မြင်မှု မရခဲ့ပါဘူး။

အခုတော့ အဲဒီ နှစ်ယောက် စလုံးက နောက်တဆင့် ရွေးကောက်ပွဲ အတွက် မစ္စတာ မက်ခ်ရွန်း အပေါ် ထောက်ခံမှု အပြည့် ပေးမယ်လို့ ဆိုပါတယ်။

သမ္မတ အိုလော်န်း အနေနဲ့လည်း လက်ျာစွန်း အမျိုးသားရေး အစွန်းရောက်ထက် စာရင် မစ္စတာ မက်ခ်ရွန်းလို အတူတွဲ အလုပ်လုပ်ဖူးသူ တစ်ဦး အပေါ် ထောက်ခံမှု ပေးမယ်ဆိုတာ အထူး စဉ်းစားစရာ မလိုဘူးလို့ သမ္မတ အိုလော်န်းရဲ့ အကြံပေး တစ်ဦးက ဆိုပါတယ်။

Image caption မစ္စ လီပဲန်းကို ကန့်ကွက်တဲ့ လက်ဝဲတွေ

တခါ၊ ဥရောပ ခေါင်းဆောင်တွေလည်း မစ္စတာ မက်ခ်ရွန်း အပေါ် ထောက်ခံမှု ပေးကြောင်း ပြောဆို လာပါတယ်။

ဂျာမနီ ဝန်ကြီးချုပ် အိန်ဂလာ မာ့ခဲလ်ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က မစ္စတာ မက်ခ်ရွန်းရဲ့ အောင်မြင်မှု အပေါ် ဂုဏ်ပြု ပြောဆို ခဲ့သလို၊ မစ္စတာ မက်ခ်ရွန်းရဲ့ အီးယူ အပေါ် လိုလားတဲ့ မူဝါဒကိုလည်း ချီးကျူး ခဲ့ပါတယ်။

ဥရောပ ကော်မရှင် ဥက္ကဌ ယန် ကလို့ဒ် ယွန်ကာနဲ့ အီးယူရဲ့ နိုင်ငံခြားရေး မူဝါဒ ဆိုင်ရာ အကြီးအကဲ ဖက်ဒရီကာ မိုဂေရီးနီ တို့ကလည်း မစ္စတာ မက်ခ်ရွန်းကို ဂုဏ်ပြုစကား ပြောခဲ့ကြပြီ ဖြစ်ပါတယ်။

မစ္စ လီပဲန်း အပေါ် ထောက်ခံတဲ့ ပြောဆိုမှုမျိုးကိုလည်း တွေ့ရတာမှာ ရုရှား အောက်လွှတ်တော် ရဲ့ နိုင်ငံခြား ဆက်ဆံရေး ကော်မတီ ဥက္ကဌ ကွန်စတန်တီးန် ကော့ဆာချော့ဗ်က မစ္စလီပဲန်းသာ အပြောင်းအလဲ အတွက် တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်တယ်လို့ ဆိုပါတယ်။