ဆိုရှယ်လစ်တွေရော ဗဟိုလက်ျာတွေပါ ရွေးကောက်ပွဲက ထွက်ရပြီ

  • 24 ဧပြီ 2017
Image caption လက်ျာစွန်းနဲ့ လစ်ဘရယ် ထိပ်တိုက် ပြိုင်ရမယ်

တနင်္ဂနွေနေ့ ပြင်သစ် သမ္မတ ရွေးကောက်ပွဲ ပထမ အဆင့် ရလဒ်ဟာ ၁၉၅၈ မှာ စပြီး လက်ရှိ ပြင်သစ် သမ္မတစံနစ်ကို အသက်သွင်းလာတဲ့ နောက်ပိုင်း ပထမဆုံး အကြိမ် အနေနဲ့ လက်ဝဲ ဆိုရှယ်လစ်ရော၊ ဗဟိုလက်ျာပါတီရော နောက်တဆင့်ကို မတက်ရောက်နိုင် ဖြစ်သွားတာပါ။

ဆိုရှယ်လစ် ပါတီက သူတွေကတော့ နှစ်ဦးချင်း ထိပ်တိုက် ပြိုင်ရမယ့် နောက်တဆင့်ကျရင် လက်ရှိ ဆိုရှယ်လစ် အစိုးရလက်ထက် စီးပွားရေး ဝန်ကြီး လုပ်ခဲ့ဖူးတဲ့ မစ္စတာ မက်ခ်ရွန်း အပေါ် ထောက်ခံ မဲထည့်ကြမယ် ဆိုပြီး ပြောလာပါတယ်။

နောက်တဆင့်ကို အမျိုးသားရေး လက်ျာစွန်းပါတီ ခေါင်းဆောင် မစ္စလီပဲန်းလည်း ရမဲ ၇ သန်းကျော်နဲ့ တက်နိုင်ခဲ့ပါတယ်။

ဒါဟာ ပြင်သစ် လက်ျာစွန်းရောက် ပါတီ အနေနဲ့ သူတို့ရဲ့ နိုင်ငံရေး သမိုင်းတလျှောက် အအောင်မြင်ဆုံး ဖြစ်ခဲ့တာပါ။

အဲဒီလို အမျိုးသားရေး တပ်ဦးပါတီလို လက်ျာစွန်းရောက် ပါတီ ခေါင်းဆောင် အောင်မြင်မှု ရတဲ့ အတွက် ပဲရစ် အပါအဝင် ပြင်သစ် မြို့ကြီးတွေမှာ လက်ဝဲ လူငယ်တွေ အုံကြွ လာခဲ့ကြပါတယ်။

ပဲရစ်မြို့လယ် ဘာ့စတီး ရင်ပြင်မှာ စုဝေး ခဲ့ကြတဲ့ ဖက်ဆစ် ဆန့်ကျင်ရေး ဆန္ဒပြပွဲ မှာတော့ ရဲတွေနဲ့ ထိပ်တိုက် တိုးခဲ့ပြီး မျက်ရည်ယိုဗုံးသုံး ဖြိုခွဲတဲ့ ခံရတဲ့ အထိ ဖြစ်ခဲ့ပါတယ်။

မေလ ၇ ရက်မှာ နှစ်ယောက်ချင်း ထိပ်တိုက် ပြိုင်ရမယ့် သမ္မတလောင်း နှစ်ဦးမှာ အားနည်းချက်တွေ ကိုယ်စီ ရှိနေကြတယ်လို့ ပဲရစ်ကို ရွေးကောက်ပွဲကာလ ရောက်နေတဲ့ ဘီဘီစီမြန်မာပိုင်းရဲ့ အကြီးတန်း သတင်းထောက်က ဆိုပါတယ်။

အခု အဆင့်မှာ အောင်ပွဲ ခံခဲ့တဲ့ မစ္စတာ မက်ခ်ရွန်းဟာ အသက် ၄ဝ မပြည့် သေးတဲ့ လူငယ်လူရွယ် ဖြစ်ပြီး၊ စီးပွားရေး အမြင် ရှိပေမယ့် တိုင်းပြည်မှာ တကယ့် အရေးအကြောင်း ပေါ်ရင် ဦးဆောင်နိုင်လောက်တဲ့ နိုင်ငံရေး အတွေ့အကြုံမျိုး ရှိမနေဘူး ဆိုတဲ့ သုံးသပ်မှုတွေ ရှိပါတယ်။

တခါ၊ မစ္စလီပဲန်းကို ကြည့်ရင်လည်း နိုင်ငံခြားသားတွေ အပေါ် တင်းမာတဲ့ သဘောထားမျိုးနဲ့ ဥရောပ သမဂ္ဂ အီးယူနဲ့ကြားလည်း ပြင်သစ်ကို ကင်းကွာလိုတဲ့ သဘောထား ရှိနေသူ ဖြစ်ပါတယ်။

မေ ၇ ရက် ရွေးကောက်ပွဲကျရင် လစ်ဘရယ် ဝါဒ ကိုင်စွဲပြီး စီးပွားရေး ဖွံ့ဖြိုးအောင် လုပ်မယ်ဆိုတဲ့ အေမဲန်ဝဲလ် မက်ခ်ရွန်း နဲ့ ပြည်တွင်းရေးကို ဦးစားပေးပြီး ပြင်သစ် ပြည်သူတွေ လွတ်မြောက်ရစေမယ်လို့ ကြုံးဝါးထားတဲ့ မရီးန် လီပဲန်းတို့ နှစ်ယောက် ယှဉ်ပြိုင် ရတော့မှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ