ကာ့ဒ်လက်နက်ကိုင်တွေကို တူရကီက လေကြောင်းကနေ တိုက်နေတာအပေါ် အမေရိကန် စိုးရိမ်

  • 26 ဧပြီ 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption လေကြောင်း တိုက်ခိုက်ခံခဲ့ရအပြီး ကာ့ဒ် လက်နက်ကိုင်တွေကို စည်းလုံးညီညွတ်မှုကို ပြတဲ့အနေနဲ့ အမေရိကန် တပ်မှူးတဦး လာရောက်တွေ့ဆုံ

ဆီးရီးယားနဲ့ အီရတ်နိုင်ငံမှာ ရှိတဲ့ ကာ့ဒ်စ် လက်နက်ကိုင်တွေအပေါ် တူရကီက လေကြောင်းကနေ တိုက်ခိုက်ခဲ့တာနဲ့ ပတ်သက်လို့ အကြီးအကျယ် စိုးရိမ်မကင်း ဖြစ်မိကြောင်း အမေရိကန် အစိုးရက ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

IS အစ္စလာမစ်နိုင်ငံ အဖွဲ့ကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ အမေရိကန် ဦးဆောင်တဲ့ ပူးပေါင်းတပ်ဖွဲ့က ဒီလေကြောင်းတိုက်ခိုက်မှုတွေကို လက်ခံ ခွင့်ပြုတာမျိုး မရှိကြောင်း နဲ့ ဒီ တိုက်ခိုက်မှုတွေကြောင့် IS အစ္စလာမစ်နိုင်ငံ အဖွဲ့ကို ဆန့်ကျင်တိုက်ခိုက်မှုတွေမှာ မိတ်ဖက်တွေ ဆုံးရှုံးရမယ့် အခြေအနေရောက်သွားနိုင်ကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနက ပြောပါတယ်။

အဲဒီ လေကြောင်းတိုက်ခိုက်မှုတွေအတွင်း ကာ့ဒ်စ် လက်နက်ကိုင် ၇၀လောက် ချေမှုန်းနိုင်ခဲ့တယ်လို့ တူရကီ စစ်တပ်က ပြောပါတယ်။

အကြမ်းဖက်သမား တယောက်မှ မကျန်အောင် အမြစ်ဖြုတ် ချေမှုန်းဖို့အတွက် အီရတ်နိုင်ငံ မြောက်ပိုင်းနဲ့ ဆီးရီးယားနိုင်ငံမှာ စစ်ဆင်တိုက်ခိုက်မှုတွေကို ဆက်လုပ်သွားမယ်လို့ တူရကီ သမ္မတ ရီချက်ပ် တေယစ်ပ် အယ်ဒိုဝဲန်က Reuters သတင်းဌာနကို ပြောသွားပါတယ်။

ဒါပေမယ့်လည်း မတရားသင်း ခံထားရတဲ့ PKK ကာ့ဒ်စ် အဖွဲ့ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် Zagros Hiwa ကတော့ တူရကီအစိုးရဟာ ကာ့ဒ်စ် အုပ်စု တခုခုကို ရည်ရွယ်ပြီး လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေတာ မဟုတ်ကြောင်းနဲ့ အခု ဒီလေကြောင်းတိုက်ခိုက်မှုကို ကြည့်ရင် ကာ့ဒ်စ်တွေ အားလုံးကို ကျယ်ကျယ်ပြန့်ပြန့် ဆန့်ကျင်နေတဲ့ တူရကီရဲ့ မူဝါဒကို ဖေါ်ပြနေပြီး တူရကီရဲ့ အရှေ့အလယ်ပိုင်း မူဝါဒ အထူးသဖြင့် တူရကီ ဆီးရီးယား မူဝါဒတွေကို အနက်အဓိပ္ပါယ် ဖေါ်နိုင်မှာ ဖြစ်ကြောင်း ပြောပါတယ်။