ပြခွင့်မရတဲ့ ရုပ်ရှင်ကို အိန္ဒိယ ဆင်ဆာ အယူခံအဖွဲ့ ခွင့်ပြု

  • 26 ဧပြီ 2017
ဓာတ်ပုံ မူပိုင် JIGNESH PANCHAL
Image caption အိန္ဒိယ မြို့ငယ်လေးက အမျိုးသမီး လေးယောက်ရဲ့ မျှော်လင့်ချက် အိပ်မက်တွေ အကြောင်း ရိုက်ထားတာပါ

နိုင်ငံတကာ ရုပ်ရှင်ဆုတွေ ရထားတဲ့ အိန္ဒိယ ရုပ်ရှင်ကား တစ်ကားကို ရုပ်ရှင်ရုံတွေမှာ ပြသခွင့် ပိတ်ပင်ဖို့ အိန္ဒိယ ရုပ်ရှင် ဘုတ် အဖွဲ့ရဲ့ အငြင်းပွားစရာဆုံးဖြတ်ချက်ကို ရုပ်ရှင် ဆင်ဆာ အယူခံ အဖွဲ့က ပယ်ချလိုက် ပြီး ပြသခွင့် ပြုလိုက် ပါတယ်။

"Lipstick Under My Burkha" "ခေါင်းမြီးခြုံ ဝတ်ရုံမဲ အောက်က နှုတ်ခမ်းနီ" ဆိုတဲ့ ဟင်ဒီ စကားပြော ရုပ်ရှင်ဟာ မြို့ငယ်လေး တစ်မြို့က အမျိုးသမီး လေးယောက်ရဲ့ ဘဝနဲ့ ဆန္ဒတွေကို စူးစမ်းလေ့လာ တင်ဆက်ထားတာ ဖြစ်ပါတယ်။

ဒီရုပ်ရှင်က နိုင်ငံတကာ အသိအမှတ်ပြု ဆုတွေ ရရှိခဲ့ပေမဲ့ အိန္ဒိယကတော့ အမျိုးသမီး အသားပေး ရုပ်ရှင် ဖြစ်တယ်၊ လိင်မှုဆိုင်ရာ အခန်းတွေ၊ ရိုင်းစိုင်းတဲ့ အသုံးအနှုန်းတွေ ပါဝင်တယ် ဆိုပြီး ပြသခွင့် ပြုဖို့ လက်မခံ ခဲ့ပါဘူး။

အဲဒီ ဆုံးဖြတ်ချက်ကို လူမှုကွန်ရက်ပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခဲ့ကြ ပါတယ်။

Konkona Sen Sharma နဲ့ Ratna Pathak Shah ပါဝင် သရုပ်ဆောင် ထားကြတဲ့ အဲဒီ ဇာတ်ကားဟာ ပြီးခဲ့တဲ့လ အနည်းငယ်က ဂျပန်နိုင်ငံ တိုကျို မှာ ပြသခဲ့ပြီးနောက် နိုင်ငံတကာ ရုပ်ရှင် ပွဲတော်တွေမှာ ဆုအတော် များများ ဆွတ်ခူးခဲ့ပါတယ်။

ရုပ်ရှင် ဆင်ဆာ အယူခံ ကတော့ အဖွဲ့ အရွယ်ရောက်ပြီးသူတွေသာ ကြည့်ခွင့်ပြုတယ် ဆိုတဲ့ ကန့်သတ်ချက်နဲ့ ရုပ်ရှင် ပြသခွင့် ပေးလိုက်တာ ဖြစ်ပါတယ်။