မြေလျော်ကြေးပေးဖို့ စစ်ကိုင်းတိုင်း အစိုးရကိုဆန္ဒပြ

  • 26 ဧပြီ 2017
ဓာတ်ပုံ မူပိုင် Myanmar Yang Tse
Image caption မုံရွာ တဘက်ကမ်းက ကြေးနီ သတ္တုတွင်း

လက်ပံတောင်းတောင် အနီးက စံပယ်တောင်နဲ့ ကြေးစင်တောင် စီမံကိန်းမှာ သိမ်းဆည်း ခံထားရတဲ့ လယ်ယာမြေ အတွက် မြေယာ လျော်ကြေးပေးဖို့ ရာချီတဲ့ ဒေသခံ တောင်သူတွေက မုံရွာမှာရှိတဲ့ စစ်ကိုင်းတိုင်း အစိုးရအဖွဲ့ရုံးကို သွား ဆန္ဒပြခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်း မုံရွာတဘက်ကမ်း ဆားလင်းကြီးမြို့နယ် မှာရှိတဲ့ မြန်မာယန်စီကုမ္ပဏီရဲ့ စံပယ်တောင်နဲ့ ကြေးစင်တောင် စီမံကိန်းမှာ သိမ်းဆည်းထားတဲ့ လယ်မြေဧက၂၃၀ဝ ကျော်အတွက် မြေယာလျော်ကြေးရဖို့ ဒေသခံ ၅ဝဝ နီးပါးက ဆန္ဒပြကြတာပါ။

ဆားလင်းကြီးက လာပြီး စစ်ကိုင်းတိုင်း အစိုးရအဖွဲ့ရုံးထိ ချီတက်ဆန္ဒပြပေမယ့် ရုံးမရောက်ခင် လမ်းတဝက်မှာတင် ဝန်ကြီး ၂ ယောက်က လာရောက်ညှိနှိုင်းတဲ့အတွက် ဆန္ဒပြမှု ရပ်ဆိုင်းခဲ့ပါတယ်။

ဒေသခံတွေက တိုင်းအစိုးရရဲ့ အဆုံးဖြတ်အတိုင်း လက်ခံမယ်ဆိုလို့ သူတို့တောင်းဆိုချက်ကို ပြည်ထောင်စုအဆင့်ထိ တင်ပြပြီး ကုမ္ပဏီနဲ့ညှိနှိုင်း ဆောင်ရွက်ပေးမယ်လို့ စစ်ကိုင်းတိုင်း စည်ပင်သာယာရေး ဝန်ကြီး ဦးမြင့်ကြည်ကပြောပါတယ်။

စံပယ်တောင်၊ ကြေးစင်တောင် စီမံကိန်းကို ၁၉၈၇ လောက်က ကနေဒါအခြေစိုက် အိုင်ဗင်ဟိုး ကုမ္ပဏီက စလုပ်ခဲ့တာဖြစ်ပြီး ၂၀၁၁ နောက်ပိုင်းမှာ မြန်မာယန်စီကုမ္ပဏီက လက်လွှဲ ဝယ်ယူခဲ့တာပါ။

စီမံကိန်း စလုပ်တော့ လယ်ယာမြေဧက ၆ဝဝ၀ ကျော် အသိမ်းခံခဲ့ရပြီး ဧက ၂၃၀၀ ကျော်ကို လယ်ယာမြေလျော်ကြေးပေးဖို့ ကျန်နေတာဖြစ်တယ်လို့ ဒေသခံတောင်သူတွေက ပြောပါတယ် ။

ဒီသတင်းနဲ့ပတ်သက်သမျှ