မြောက်ကိုရီးယားကို အမေရိကန်က နောက်ထပ် ပိတ်ဆို့မှုတွေ လုပ်မယ်။

  • 27 ဧပြီ 2017
ဓာတ်ပုံ မူပိုင် AFP
Image caption မြောက်ကိုရီးယားက ကျည်အစစ်တွေနဲ့ စစ်လေ့ကျင့်ရေးတွေ လုပ်နေတဲ့ ပုံတွေ ထုတ်လွှင့်

မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ မစ်ဆိုင်းဒုံးစီမံကိန်းတွေကို အဆုံးသတ်သွားစေဖို့ မြောက်ကိုရီးယား အစိုးရကို ဖိအားပေးတဲ့အနေနဲ့ အမေရိကန်အစိုးရက မြောက်ကိုရီးယား အပေါ် သံတမန်ရေးအရရော၊ စီးပွားရေးအရပါ ပိုတင်းကျပ်တဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေ ချမှတ်တော့မှာ ဖြစ်ပါတယ်။

အမေရိကန် ဆီးနိတ်လွှတ်တော် အမတ် ၁၀၀စလုံးကို အိမ်ဖြူတော်ကို ဖိတ်ခေါ်ပြီး မြောက်ကိုရီးယား အရေး ထိပ်တန်းအဆင့် ရှင်းလင်းဆွေးနွေးပွဲ လုပ်ခဲ့ အပြီးမှာ အမေရိကန် သမ္မတ ထရမ့်က သူ့ရဲ့ နည်းဗျူဟာတွေကို ထုတ်ဖော်ကြေညာလိုက်တာပါ။

မြောက်ကိုရီးယားက နျူကလီးယား စမ်းသပ်မှုတွေ ထပ်လုပ်ဖို့ စီစဉ်နေတယ် ဆိုတဲ့ စိုးရိမ်မှုတွေ ထွက်ပေါ်နေရာမှာ နှစ်နိုင်ငံအကြား တင်းမာမှုတွေ ကြီးထွားလာနေပါတယ်။

ကိုးရီယား ကျွန်းဆွယ်မှာ တည်ငြိမ်အေးချမ်းမှု ရှိဖို့ နျူကလီးယားကင်းဝေးစေဖို့ အမေရိကန် အစိုးရက ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး Rex Tillerson ၊ ကာကွယ်ရေး ဝန်ကြီး Jim Mattis နဲ့ နိုင်ငံတော် ထောက်လှမ်းရေး အဖွဲ့ ညွှန်ကြားရေးမှူး Dan Coats တို့ ပူးတွဲ ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဖေါ်ပြထားပါတယ်။

ဒီပန်းတိုင်ရောက်ဖို့အတွက် စေ့စပ်ညှိနှိုင်းဖို့ လမ်းဖွင့်ထားဆဲ ဖြစ်တယ်၊ ဒါပေမယ့််လည်း အမေရိကန်နဲ့ မဟာမိတ်နိုင်ငံတွေကို ကာကွယ်ဖို့ အသင့်ပြင်ထားဆဲပဲလို့ အဲဒီ ကြေညာချက်ထဲမှာ ဖေါ်ပြထားပါတယ်။

နောက်တနည်းကတော့ အမေရိကန် နိုင်ငံခြားရေးဌာနက ချမှတ်ထားတဲ့ အကြမ်းဖက်မှု အားပေးမြှင့်တင်တဲ့ နိုင်ငံတွေစာရင်းထဲမှာ မြောက်ကိုရီးယား နိုင်ငံကို ပြန်ထည့်ဖို့ စဉ်းစားမှာ ဖြစ်တယ်လို့ အိမ်ဖြူတော် တာဝန်ရှိပုဂ္ဂိုလ်ကပြောပါတယ်။

လွန်ခဲ့တဲ့ တနှစ်ကျော်လောက်တုန်းကလည်း မြောက်ကိုရီးယားကို နျူကလီးယားစမ်းသပ်မှုတခုကြောင့် အရင်သမ္မတ အိုဘားမားကလည်း ဒဏ်ခတ်ပိတ်ဆို့မှု တွေ လုပ်ခဲ့ပါတယ်။

အမေရိကန်မှာ ရှိတဲ့ မြောက်ကိုရီးယား အစိုးရရဲ့ ပိုင်ဆိုင်မှုတွေ ထုတ်ယူသုံးစွဲခွင့် ပိတ်ပင်ခဲ့ပြီး မြောက်ကိုရီးယားကို အမေရိကန်က ထုတ်ကုန်တင်ပို့တာဒါမှမဟုတ် အဲဒီမှာ ရင်းနှီးမြုပ်နှံတာတွေ ကို ပိတ်ပင်ခဲ့ပါတယ်။

အခု အမေရိကန်ပြည်သူတွေ စိုးရိမ်နေကြတာက မြောက်ကိုရီးယားမှာ ခေတ်မှီတိုးတက်တဲ့ နျူကလီးယားနဲ့ မစ်ဆိုင်းဒုံးနည်းပညာတွေ ရှိနေမှာကို ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပစိဖစ်ဒေသဆိုင်ရာ အမေရိကန် ထိပ်တန်း ရေတပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး Harry Harris က မြောက်ကိုရီးယား ရဲ့ တိုးပွားလာနေတဲ့ ခြိမ်းခြောက်မှု အန္တရာယ်တွေကို အမေရိကန် အစိုးရက အကောင်းဆုံး နည်းပညာတွေနဲ့ တုံ့ပြန် ရင်ဆိုင်သွားဖို့ အသင့်ရှိတယ်လို့ ပြောပါတယ်။

ဒါ့အပြင် ဟာဝိုင်အီလို ပစိဖစ်ဒေသထဲက နေရာတွေကို တိုက်ခိုက်မှုတွေ လုပ်လာခဲ့ရင် ကာကွယ်ဖို့အတွက် မစ်ဆိုင်းဒုံး ကြားဖြတ်တိုက်ခိုက်တဲ့ စနစ်သစ်တခု တပ်ဆင်သင့် မသင့်ကို အမေရိကန်စစ်တပ်အနေနဲ့ စဉ်းစား သုံးသပ်နေတယ်လို့ ဗိုလ်ချုပ်ကြီး Harry Harris ကပြောသွားကြောင်း နယူးယောက်မြို့ကနေ ဘီဘီစီသတင်းထောက် Barbar Plett Usher က သတင်းပေးပို့ထားပါတယ်။