မိုက်ကယ်ဖလင်းအမှု ပင်တာဂွန်စစ်ဆေး

  • 27 ဧပြီ 2017
ဓာတ်ပုံ မူပိုင် NICHOLAS KAMM
Image caption ထရမ့် ရဲ့ အမျိုးသား လုံခြုံရေး အကြံပေး အရာရှိဟောင်း ဖလင်း

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် ရဲ့ အမျိုးသား လုံခြုံရေး အကြံပေး အရာရှိ ရာထူး ကို ၂၄ နာရီ ပဲ ထမ်းဆောင်ခဲ့ပြီး မှ ရုရှ နဲ့ ဆက်သွယ်မှု ရှိခဲ့တဲ့ သင်္ကာမကင်းမှု ကြောင့် ရာထူး က နှုတ်ထွက် သွားတဲ့ ဗိုလ်ချုပ် မိုက်ကယ်ဖလင်း ရဲ့ အမှု ဟာ နှုတ်ထွက်သွားရုံ နဲ့ ဇာတ်လမ်း က ပြီးမသွားပါဘူး။

အခု သူ့ကို အမေရိကန် ကာကွယ်ရေး ဌာန က ရုရှ အစိုးရ နဲ့ ပတ်သက်မှု ရှိတဲ့ နေရာဌာန တွေ ကနေ အမေရိကန် ဒေါ်လာ လေးသောင်းခွဲ လက်ခံ ရရှိမှု နဲ့ စစ်ဆေးနေပါပြီ။

အိမ်ဖြူတော်ပြောခွင့် ရ ရှောန် စပိုင်ဆာ ကလည်း ပင်တာဂွန် စုံစမ်းစစ်ဆေးရေး အရာရှိ အနေနဲ့ ဒီ စွပ်စွဲ ခံရမှု ကို ဒုဗိုလ်ချုပ်ကြီး ဖလင်း အနေနဲ့ ရင်ဆိုင်ခြင်း ဟာ သင့်တော်ပါတယ် လို့ ဆိုပါတယ်။

အငြိမ်းစား ဒု ဗိုလ်ချုပ် ဖလင်း ဟာ မော်စကိုမြို့တော် က ဧည့်ခံပွဲ မှာ မိန့်ခွန်း ပြောကြားခဲ့သလို ရုရှ သမ္မတ ပူတင် နဲ့ လည်း ညစာ စားခဲ့ပါတယ်။

အမေရိကန် ရဲ့ အခြေခံ ဥပဒေ အရရော ပင်တဂွန် စစ်ဌာနချုပ် ရဲ့ သတ်မှတ် လမ်းညွှန်ချက်တွေ အရ လက်ရှိ တာဝန် ထမ်းဆောင်ဆဲ ဒါမှ မဟုတ် အငြိမ်းစားစစ်မှုထမ်း တွေ ဟာ ကြိုတင် ခွင့်ပြုချက် မတောင်းခံပဲ ပြည်ပ အစိုးရ ထံက တံစိုးလက်ဆောင် ဒါမှ မဟုတ် ငွေကြေး လက်ခံခွင့် မရှိပါဘူး။ ဒါနဲ့ ပတ်သက်လို့လည်း ၂၀၁၄ ခု နှစ် မိုက်ကယ်ဖလင်း အငြိမ်းစား ယူချိန် မှာ ဒီ စည်းကမ်းချက် ဥပဒေ ကို အသေအချာ သတိပေးလိုက်တဲ့ အကြောင်း ကာကွယ်ရေး စုံစမ်းရေးအေဂျင်စီ က ပြောပါတယ်။

ဗိုလ်ချုပ် ဖလင်းရဲ့ ရှေ့နေ တွေ က သူဟာ မော်စကို ကို သွားမယ့် ခရီးစဉ် ကို ဒီအိုင်အေ ကာကွယ်ရေး စုံစမ်းရေး အေဂျင်စီ နဲ့ ဆွေးနွေးခဲ့ကြောင်း ပြောပါတယ်။ ဒါပေမဲ့ သက်သေ အထောက်အထား လုံးဝ မရှိပါဘူး။ နောက်ပြီး ရုရှ အစိုးရ အာဘော် သတင်းဌာန ကနေ လက်ခံ ရရှိတဲ့ ငွေ ကိုလည်း ထိမ်ချန် ထားပါတယ်။ သူ့ဘက် က ကာကွယ်ရေး ဝန်ကြီး ကိုရော နိုင်ငံခြားရေး ဝန်ကြီး ကိုပါ ပြည်ပ အစိုးရ ဆီ က ငွေလက်ခံခွင့် ကြိုတင် ခွင့်ပြုမိန့် တောင်းတာလည်း အထောက်အထား မရှိပါဘူး လို့ အတိုက်အခံ ဒီမိုကရက် ပါတီ၊ အောက်လွှတ်တော် ကြီးကြပ်ရေး ကော်မတီ ထိပ်တန်း အရာရှိ အလိုင်ဂျာ ကမ်းမင်းစ်က ဝါရှင်တန် မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲ မှာ ပြောပါတယ်။

ဒီအကြာင်းအရာတွေ ကြောင့် ရှရှ ဟာ ၂၀၁၆ အမေရိကန် သမ္မတရွေးကောက်ပွဲ မှာ ပါဝင်ပတ်သက်မှု ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲမှု တွေ တိုးပွားလာတဲ့ အကြောင်း ဘီဘီစီ သတင်းထောက် နာဒါတော်ဖစ်ခ် က သတင်းပို့လိုက်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ