ဒေါ်နယ်ထရမ့် သက်တမ်း ပထမ ရက် ၁၀၀

  • 29 ဧပြီ 2017
ဓာတ်ပုံ မူပိုင် MICHAEL REYNOLDS
Image caption မဲဆွယ်ကာလက ပေးခဲ့တဲ့ ကတိတွေ ဒေါ်နယ်ထရမ့် ဘယ်လောက်လုပ်နိုင်ခဲ့ပြီလဲ။

သမ္မတထရမ့်ရဲ့ ရာထူးသက်တမ်း ပထမ ရက် ၁၀၀ ပြည့်ခဲ့ပါပြီ။

သူ ဘာတွေ စွမ်းဆောင်နိုင်ခဲ့ သလဲဆိုတာ ကိုယ်ခံယူတဲ့ နိုင်ငံရေးအပေါ် မူတည်ပြီး ချီးကျူးစရာ ဒေါသထွက်စရာ လှောင်ပြောင်စရာတွေ ရှိနိုင်ပါလိမ့်မယ်။ မစ္စတာ ထရမ့်ကတော့ သမ္မတလုပ်ရတာ သူ ထင်သလောက် မလွယ်ဘူး အလုပ်သိပ်များလို့ သူ့ အရင် ဘဝကိုပဲ တစ်ခါတစ်ခါ ပြန်လိုချင် နေတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သူ သမ္မတလုပ်ရတာကိုလည်း ကြေနပ်နေပုံတော့ ရပါတယ်။

အလုပ်တွေ အများကြီး လုပ်နိုင်ခဲ့တယ်၊ တခြား ဘယ်သူမှ ရက် ၁၀၀ အတွင်း ဒီလောက် လုပ်နိုင်ခဲ့တာ မဟုတ်ပါဘူးလို့ သူက ပြောပါတယ်။

သူ့ရက် ၁၀၀ နဲ့ တိုက်ပြီး ဒီအပတ်ထဲမှာပဲ သမ္မတ အမိန့်တွေလည်း တစ်ခုပြီး တစ်ခု ထုတ် နေခဲ့ပါတယ်။ အထူးခြားဆုံးကတော့ အခွန်တွေ ဖြတ်တောက်မယ့် အစီအစဉ်ပါပဲ။

အခွန်တွေ အများဆုံး လျှော့မယ်။ သမိုင်းမှာ အကြီးကျယ်ဆုံး အခွန်စနစ်ပြုပြင်ပြောင်းလဲ တာပါလို့ ဘဏ္ဍာရေးဝန်ကြီး စတီဗင် မနူချင်က ဆိုပါတယ်။

သူ့ အစီအစဉ်ဆိုတဲ့ အထဲမှာ လူတစ်ဦးချင်းစီနဲ့ စီးပွားရေး လုပ်ငန်းတွေက ပေးရမယ့် အခွန်တွေ သက်သာသွားပေမယ့် ထရမ့်လို သူဋ္ဌေးကြီးတွေ အတွက်လည်း အများကြီး အဆင်ပြေသွားမယ့် အစီအစဉ်လို့ ဝေဖန်သူတွေက ဆိုကြပါတယ်။ အခွန်တွေ ဖြတ်လို့ အစိုးရ အတွက် လျော့သွားမယ့် ဝင်ငွေအတွက် ဘယ်လို အစားထိုးမယ်ဆိုတာတော့ မဖော်ပြထားပါဘူး။

သမ္မတထရမ့်ဟာ ရက် ၁၀၀ အတွင်း ကွန်ဂရက်က ခွင့်မပြုရင် အစိုးရအသုံးစရိတ်တွေ ပြတ်သွားမှာ ကို ရှောင်ဖို့ အရင်စီစဉ်ထားသလို မက္ကဆီကိုနဲ့ နယ်စပ်မှာ တံတိုင်းဆောက်ဖို့ ငွေကို ကွန်ဂရက်ဆီက မတောင်းတော့ပါဘူး။ ဒါပေမယ့် သူတောက်လျှောက်ပြောခဲ့တဲ့ တံတိုင်း ကာဖို့ကို တော့ ဆက်လုပ်ပါမယ်လို့ အခိုင်အမာ ပြောခဲ့ပါတယ်။

လုံးဝ သံသယ မရှိပါနဲ့ ဖြစ်အောင် ဆောက်မှာပါ။ အစီအစဉ်တွေ ဆွဲနေပါပြီလို့လည်း သူက ပြောပါတယ်။

ဒါပေမယ့် သူ့ရဲ့ မွတ်စလင်နိုင်ငံတွေက ဝင်ရောက်လာမယ့် လူတွေကို စိစစ်တားမြစ်မယ့် အစီအစဉ်ကိုတော့ ပြည်နယ်တွေက တရားသူကြီးတွေက ပယ်ချလို့ ရပ်တန့်နေရပါတယ်။

မစ္စတာ ထရမ့်ဟာ နိုင်ငံတကာ ဆက်ဆံရေးမှာတော့ သူဟာ ပြတ်သားသူ ဖြစ်ကြောင်း ပြဖို့ ကြိုးစားခဲ့တာ တွေ့ရပါတယ်။ ဆီးရီးယားကို ဝင်တိုက်ခိုင်းတာ၊ အာဖဂန်နစ္စတန်ကို ဗုံးကြီး ချခဲ့တာ အပြင် အခုနောက်ဆုံး မြောက်ကိုရီးယားအရေးမှာလည်း သူ့ရဲ့ ခိုင်မာတဲ့ ဦးဆောင်မှုကို ပြဖို့ ကြိုးစားနေပါတယ်။

ရုရှား၊ တရုတ်နဲ့ နေတိုး တို့နဲ့ ပတ်သက်ရင်တော့ အရင်က ရပ်တည် ပြောကြားချက်တွေကို ပြောင်းခဲ့တာ တွေ့ရပါတယ်။ လက်တွေ့ကျကျ လုပ်လာတာလို့ တချို့က ပြောပေမယ့် ဆိနိတ်လွှတ်တော် နိုင်ငံခြားရေးကော်မီတီဝင် ဒီမိုကရက်အမတ် ဘင်ကာဒင်ကတော့ သဘောမတူချင်ပါဘူး။

"နိုင်ငံခြားရေးမူဝါဒဆိုတာ မှောက်ချည်လှန်ချည်လုပ်လို့မရပါဘူး၊ ထရမ့်အစိုးရမှာ တိကျတဲ့ မူ မျိုး မတွေ့ရသေးဘူး။ သူကြုံလိုက်ရတဲ့ လက်တွေ့ အခြေအနေပေါ်မူတည်ပြီး စကားလုံးတွေ ပြောင်းသုံးတာပဲ တွေ့ရပါသေးတယ်။"

ပထမရက် ၁၀၀ အတွင်း မစ္စတာထရမ့်ဟာ သမ္မတအမိန့်ပေါင်း ၃၀ ကို လက်မှတ်ထိုးထုတ်ပြန်ခဲ့ပြီး ဥပဒေကြမ်း ၂၈ ခုကိုလည်း အတည်ပြုခဲ့ပါတယ်။ ဒါပေမယ့် သူ အကြိမ်ကြိမ် ကြုံးဝါးခဲ့တဲ့ သမ္မတ အိုဘားမားရဲ့ ကျန်းမာရေး စောင့်ရှောက်မှု ဥပဒေကို အစားထိုးဖို့ ကြိုးပမ်းချက်ကတော့ လွှတ်တော် ထဲတောင် မရောက်လိုက်ပဲ ရုပ်သိမ်းသွားခဲ့ရပါတယ်။

ရက် ၁၀၀ အပြီးမှာလည်း သူဟာ အမေရိကန် သမိုင်းမှာ လူကြိုက်အနည်းဆုံး သမ္မတအဖြစ် ဆက်ရှိနေပါသေးတယ်။ ဒါပေမယ့် သူ့ကို ထောက်ခံသူတွေကတော့ စိတ်မပျက်ကြပါဘူး၊ သူ့ကို မဲပေးခဲ့သူတွေထဲမှာ ၉၄ ရာခိုင်နှုန်းက သူ့လုပ်ဆောင်ချက်တွေကို ကြေနပ်တယ်လို့ ပြောကြပါတယ်။ ဒီတော့ သမ္မတထရမ့်အတွက် နောက် ထပ် ရက် ၁၀၀ ပေါင်း အများကြီး ကျန်သေးတယ်လို့ဆိုရမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ