ဗြိတိန် အီးယူက ထွက်ရေး လမ်းညွှန်ကို ၂၇ နိုင်ငံ သဘောတူ

  • 29 ဧပြီ 2017
ဓာတ်ပုံ မူပိုင် AFP
Image caption မစ္စ မာကယ်ရဲ့ ဗြိတိန်နဲ့ပတ်သက်တဲ့ အီးယူရဲ့ ညီညွတ်မှုရှိကြောင်း ပြောခဲ့တာကို ဥရောပကောင်စီ ဥက္ကဋ္ဌ ဒေါ်နယ် တူ့စ်ခ်ကလည်း ထောက်ခံခဲ့

ဥရောပသမဂ္ဂရဲ့ ကျန်ရှိနေသေးတဲ့ အဖွဲ့ဝင် ၂၇ နိုင်ငံက နုတ်ထွက်တော့မယ့် ဗြိတိန်နဲ့ ပတ်သက်တဲ့ လမ်းညွှန်ချက် စာတမ်းကို ကန့်ကွက်သူမရှိ အတည်ပြုလိုက်ပါတယ်

ဒါဟာ ကျန်ရှိနေတဲ့ အဖွဲ့ဝင်နိုင်ငံတွေ အချင်းချင်း ညီညွတ်မှုတွေ ရှိနေကြောင်း ပြခဲ့ကြတာလည်း ဖြစ်ပါတယ်။

ဗြိတိန် အီးယူက နုတ်ထွက်မှု ဖြစ်စဉ် ဆွေးနွေးမှုနဲ့ ပတ်သက်ပြီး အီးယူရဲ့ ရပ်တည်ချက်ကို ဥရောပ ပါလီမန် အပါအဝင် ကျန်တဲ့ အဖွဲ့ဝင် ၂၇ နိုင်ငံကြားမှာ တော်တော်များများ တသဘောတည်း ရှိပြီးသားဖြစ်တယ်လို့လည်း ဂျာမန်ဝန်ကြီးချုပ် အန်ဂလာ မာကယ်က ပြောပါတယ်။

မစ္စ မာကယ်ရဲ့ အခုလို ပြောဆိုမှုကို ဥရောပကောင်စီ ဥက္ကဋ္ဌ ဒေါ်နယ် တူ့စ်ခ်ကလည်း ထောက်ခံခဲ့ပါတယ်။

မစ္စတာ တူ့စ်ခ်က

'ကျနော်တို့ ကျန်တဲ့ ၂၇ နိုင်ငံ ညီညွတ်မှလည်း ဆုံးဖြတ်ချက်တွေ ချနိုင်ပြီး ဒါမှလည်း ဗြိတိန်အတွက် အကျိုးရှိမှာပါ' လို့ မစ္စတာ ဒေါ်နယ်တူ့စ်ခ်က ပြောဆိုခဲ့တာပါ။

အခုလို ဗြိတိန်နဲ့ ဆွေးနွေးရေးနဲ့ ပတ်သက်တဲ့ လမ်းညွှန်ချက်တွေဟာ ပြတ်ပြတ်သားသားရှိပြီး မျှတမှုလည်းရှိတယ်လို့ မစ္စတာ တူ့စ်ခ်က ပြောပါတယ်။

ဗြိတိန်အနေနဲ့ အီးယူနဲ့ ကုန်သွယ်ရေး မဆွေးနွေးခင် ဗြိတိန်မှာ ရောက်နေတဲ့ အီးယူနိုင်ငံသား သုံးသန်းကိစ္စနဲ့ အီးယူနိုင်ငံတွေမှာ ရောက်နေတဲ့ သန်းချီတဲ့ ဗြိတိန်နိုင်ငံသားတွေကိစ္စကို အရင်ရှင်းအောင်လုပ်ပြီး အီးယူက ထွက်တဲ့ ကိစ္စမှာ ဗြိတိန်အတွက် ဘယ်လောက် ကုန်ကျစရိတ်ရှိမယ်ဆိုတာကို ဆွေးနွေးရမှာဖြစ်ပါတယ်။

ဗြိတိန်အတွက် အီးယူရဲ့ လမ်းညွှန်ချက်တွေထဲမှာ အီးယူအဖွဲ့ဝင် အိုင်ယာလန်ကို ဗြိတိန်က ပြည်ဝင်ခွင့် မတင်းကျပ်ရေးလည်း ပါဝင်ပါတယ်။

အီးယူကို မလိုလားသူနဲ့ လိုလားသူကို ရွေးချယ်ရမယ့် ပြင်သစ်ပြည်သူတွေဟာ အီးယူအတွင်းမှာ အကျိုးဖြစ်ထွန်းစရာတွေ အများကြီးရှိနေတယ်လို့လည်း ဒီအစည်းအဝေးမှာ ပြင်သစ်သမ္မတ ဖရန်းဆွားအိုလွန်းက သတိပေးခဲ့ပါတယ်။

ပြင်သစ်ပြည်သူတွေအနေနဲ့ အီးယူပြင်ပရောက်သွားရင် အာမခံချက်တွေ ရှိမှာမဟုတ်ဘူးလို့လည်း မစ္စတာ အိုလွန်းက သတိပေးခဲ့ပါတယ်။။

ဒီသတင်းနဲ့ပတ်သက်သမျှ